အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မြန်မာကို သွားမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption လူသားချင်း စာနာမှု အထောက်အကူ ပေးရေး နဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်မှာ အကူအညီ ပေးရေး ကိစ္စတွေကို ဆွေးနွေး သွားမယ်

ရခိုင်ပြည်နယ် မြောက်ပိုင်း က ဒုက္ခသည်တွေရဲ့ အရေး ဆွေးနွေးဖို့ အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တေလာဆန် ဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ရခိုင် ပြည်နယ်က ဒုက္ခသည်တွေ အတွက် လူသားချင်း စာနာမှု အထောက်အကူ ပေးရေး နဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု ဖြစ်စဉ်မှာ အကူအညီ ပေးရေး ကိစ္စတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟာ မြန်မာ နိုင်ငံ က ခေါင်းဆောင် တွေ နဲ့ တွေ့ဆုံပြီး ဆွေးနွေး သွားမယ်လို့ အဲဒီ့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါ တယ်။

အခု ခရီးစဉ် က ဒေါ်နယ် ထရမ့် သမ္မတ အဖြစ်တာဝန် ယူပြီးနောက်မှာ အမေရိကန် အဆင့်မြင့်အရာရှိ တစ်ဦး မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက်မှု ဖြစ်ပါတယ်။

ရခိုင် အရေးအခင်း နဲ့ ပတ်သက်လို့ အမေရိကန် အနေနဲ့ စိုးရိမ် ပူပန် မိကြောင်း၊ အဲဒီ ဒေသမှာ အင်အားသုံး ဖြေရှင်းမှု တွေကို ရပ်တန့်ဖို့ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တေလာဆန် ဟာ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တိုနဲ့ ပြီးခဲ့တဲ့လမှာ တယ်လီဖုန်း ဆက်သွယ် စကား ပြောခဲ့ဖူးပါတယ်။

နိုဝင်ဘာလ ၂ ရက် ကြာသပတေး နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ပဋိပက္ခတွေ ဖြစ်ပွား ခဲ့ပြီးတဲ့ နောက် ပထမဦးဆုံး အကြိမ် အဖြစ် ရခိုင်ပြည်နယ် မောင်တော ဒေသ ကို သွားရောက် ခဲ့ပါတယ်။

အဲဒီ ဒေသမှာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံ ခဲ့ပြီး နှစ်ဘက် အသိုင်းအဝိုင်းကြားမှာ သင့်သင့်မြတ်မြတ် နေကြဖို့ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း ခဲ့ပါတယ်။