သတ္တုတွင်း နည်းဥပဒေ မထွက်တဲ့အတွက် ခဲ တရားမဝင် တူးဖော်မှု ဆက်ရှိ

ဓာတ်ပုံ မူပိုင် Luttaw
Image caption ပြည်သူ့လွှတ်တော် အစည်းအဝေး မြင်ကွင်း

မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းတွေအတွက် ဥပဒေ ထွက်တာ တနှစ်ကျော်ပြီဖြစ်ပေမဲ့ နည်းဥပဒေ ကတော့ အခုထိ ထွက်ဖို့ကြန့်ကြာနေတုန်းပဲဖြစ်ပါတယ်။

၁၉၉၄ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ သတ္တုတွင်းဥပဒေမှာ လက်ရှိအချိန်နဲ့ ခေတ်နဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်က လွှတ်တော်မှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။

ဒီလို ပြန်လည်ပြင်ဆင်ခဲ့တဲ့ ဥပဒေထွက်ရှိပြီးဖြစ်ပေမဲ့ နည်းဥပဒေ မထုတ်ပြန်နိုင်သေးတဲ့အတွက် ခဲမဖြူ အဖြိုက်နက်လို ဓါတ်သတ္တုတွေ ရှာဖွေရာမှာ တရားမဝင် လုပ်ကိုင်တာတွေ ရှိနေတယ်လို့ တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးရဲထွတ်နိုင်က ဘီဘီစီကို ပြောပါတယ်။

နည်းဥပဒေမထွက်တော့ ဓာတ်သတ္တု စမ်းသပ်ရှာဖွေဖို့တို့ လုပ်ငန်း သက်တမ်းတို့ဖို့ ဆိုတဲ့ ကိစ္စတွေမှာ တရားဝင်လုပ်မရတဲ့အတွက် တရားမဝင်လုပ်ငန်းတွေ ရှိနေတာဖြစ်တယ်လို့ ဦးရဲထွတ်နိုင်က ပြောပါတယ်။

တနင်္သာရီတိုင်းဟာ မြန်မာနိုင်ငံမှာ ခဲမဖြူ အဖြိုက်နက် ဒုတိယအများဆုံးထုတ်တဲ့ ဒေသဖြစ်သလို တိုင်းရဲ့ အဓိက ကဏ္ဍဖြစ်တဲ့အတွက် ဒီသတ္တုတွင်းတွေမှာ အလုပ်လုပ်ကိုင် မှီခိုနေသူတွေလည်း အမြောက်အမြား ရှိနေတာပါ။

သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ္တုတွင်း နည်းဥပဒေအတွက် အခုလက်ရှိအခြေအနေမှာ ရေးဆွဲပြီးတဲ့ အနေအထား ရှိနေပြီဖြစ်ပြီး ရှေ့နေချုပ်ရုံးနဲ့ အပြန်အလှန်ဆွေးနွေးနေတယ်လို့ ပြည်သူ့လွှတ်တော် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဌဦးစိုးသူရထွန်းက ပြောပါတယ်။

ဒီနည်းဥပဒေပေါ်လာပြီ ဆိုတာနဲ့ လုပ်ငန်းတွေစနိုင်ပြီ ဖြစ်ပေမဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရတော့ လွှတ်တော်ထဲမှာ ပြင်ချင်တာတွေရှိရင် ရက်ကိုးဆယ်ထားပြီး ပြင်ဆင်တာတွေ ရှိနိုင်သေးတယ်လို့ ဦးစိုးသူရထွန်းက ပြောပြပါတယ်။