ရပ်စောက်နယ်အတွင်း တရားမဝင်သစ်ထုတ်လုပ်မှုတွေ ဆက်ရှိနေ

ဓာတ်ပုံ မူပိုင် Dimas Adrian
Image caption ကမ္ဘာပေါ်မှာ သစ်တော ပြုန်းတီးမှု တတိယ အများဆုံး နိုင်ငံဖြစ်

အစိုးရက သစ်အလုံးလိုက် ခုတ်ခွင့် ပိတ်ထားတယ်ဆိုပေမဲ့ ရှမ်းပြည်နယ် ရပ်စောက်မြို့နယ်အတွင်းမှာ တရားမဝင် သစ်ထုတ်လုပ်မှုတွေ များပြားနေပါတယ်။

သစ်တွေကို တရားဝင် ခုတ်ခွင့်မပေးတော့ဘူးဆိုပေမဲ့ ရပ်စောက်မြို့နယ်အတွင်းက ကျောက်ဂူ ၊ ဖလဲ စတဲ့ ဒေသတွေမှာတော့ သစ်ထုတ်လုပ်မှုတွေ ရှိနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ဒေသတွင်းမှာ ကျွန်း ၊ တမလန်း နဲ့ အင်လို အဖိုးတန်သစ်တွေလည်း ထွက်တယ်လို့ ဒေသတွင်းလူ့အခွင့်ရေးလှုပ်ရှားသူတွေက ပြောပါတယ်။

နေ့စဉ် သစ်တင်တဲ့ ကားတွေဖြတ်သန်းသွားလာနေတာ ကြောင့် ရပ်စောက်မြို့နယ်ထဲက အိမ်ခြေ ၂၀ဝ၀ လောက်ရှိတဲ့ မြေနဲ ၊ ဆတ်သေ စတဲ့ ကျေးရွာတွေမှာဆိုရင် လမ်းတွေ ပျက်စီးကုန်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

လမ်းတွေက ကိုယ့်အားကိုယ်ကိုး ဖောက်ထားတဲ့ လမ်းတွေဖြစ်ပြီး သစ်ကားတွေကြောင့် သီးနှံတွေ ပျက်စီးမှုလည်း ရှိတာကြောင့် ဒေသခံတွေက မကျေမနပ်ဖြစ်နေကြပါတယ်။

တရက်ကို ၁၀ စီး ကနေ ၁၅ စီးထက်မနည်း သစ်တင်ကားတွေ ရွာထဲကနေ ဖြတ်သန်းနေတာဖြစ်ပြီး စာသင်ကျောင်းတွေနဲ့ လူနေအိမ်တွေ အကြား စည်းမရှိ ကမ်းမရှိ မောင်းနှင်နေကြကာ ဒေသအာဏာပိုင်တွေကို လမ်းပျက် သီးနှံပျက်တဲ့အကြောင်း တင်ပြပေမဲ့ ထူးထူးခြားခြား ဆောင်ရွက်ပေးတာ မရှိဘူးလို့ ဆတ်သေ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။

သစ်ကားတွေက မြေနဲ ၊ ဆတ်သေရွာက ဒေသခံတွေရဲ့ ကားတွေမဟုတ်ပဲ မြို့နယ်အတွင်းက သစ်ထွက်တဲ့ ဒေသတွေက နေလာတာလို့ ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။

ခွဲပြီးသား သစ်တွေကို အများစု တင်ကြပေမဲ့ တခါတလေမှာ အလုံးလိုက် သယ်ယူသွားတာတွေလည်း မြင်တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖလဲရွာဘက်နားမှာ သစ်ခွဲတဲ့ နေရာတွေရှိတယ်လို့ ဆိုကြပေမဲ့ ဒေသတွင်းမှာ လက်နက်ကိုင်အဖွဲ့တွေလည်း ရှိတဲ့အတွက် ဘယ်အဖွဲ့က သစ်ထုတ်တယ်ဆိုတာကိုတော့ ဒေသခံတွေက မပြောရဲကြပါဘူး။

အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်စောက်မြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်ညီညီကျော်ကတော့ အဲဒီဒေသတွေက ရပ်စောက်နဲ့ အလှမ်းဝေးပြီး ပအိုဝ်းပြည်သူ့စစ် ပီအန်အေ တွေ လှုပ်ရှားရာဒေသဖြစ်တဲ့အတွက် တရားဥပဒေ စိုးမိုးရေးအရ အခက်အခဲရှိကြောင်း ဘီဘီစီကို ပြောပါတယ်။

အစိုးရသစ် တက်ပြီးနောက်ပိုင်း ကုမ္ပဏီတွေကနေ တရားဝင် ခွင့်ပြုချက်နဲ့ သစ်ခုတ်တာ မရှိတော့ပေမဲ့ ရပ်စောက်မြို့နယ်အတွင်း လတ်တလော ထုတ်လုပ်နေတဲ့ သစ်တွေအားလုံးဟာ တရားမဝင် ထုတ်လုပ်နေတာဖြစ်တယ်လို့ ဦးခိုင်ညီညီကျော်က ပြောပါတယ်။

လမ်းပျက်စီးမှုတွေကိုတော့ လွှတ်တော် ဖွံ့ဖြိုးရေးငွေအပါဝင် အစိုးရ ဘတ်ဂျက်တွေနဲ့ ပြင်ပေးဖို့ အစီအစဉ် ရှိပေမဲ့ သစ်ထုတ်တဲ့ကိစ္စကတော့ တရားဥပဒေစိုးမိုးရေးအရ ရဲတပ်ဖွဲ့တွေအနေနဲ့ လက်လှမ်းမမှီတဲ့ ဒေသဖြစ်နေတယ်လို့လည်း အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ သစ်အလွန်အကျွံထုတ်မှု ၊ တရားမဝင် သစ်ထုတ်မှု ၊ လောင်စာအတွက် ထင်းမီးသွေးအပေါ် မှီခိုနေရမှု ၊ သစ်တောမြေတွေကို လယ်ယာနဲ့ အိမ်မြေ အဖြစ် ပြောင်းလဲမှုတွေကြောင့် ၂၅ နှစ်အတွင်း သစ်တော ဧက ဆယ်သိန်းနီးပါး ပြုန်းတီး လာနေပြီး ကမ္ဘာပေါ်မှာ သစ်တော ပြုန်းတီးမှု တတိယ အများဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။