မြန်မာစပါးအုံးကို စိန်ခေါ်ထိုးသတ်မယ့် ကျားသစ်နက်

ဓာတ်ပုံ မူပိုင် One Championship
Image caption နောက်ကောက်ကျ အလဲထိုးဘုရင်နဲ့ အဖမ်း အချုပ် ကျွမ်းကျင်သူတို့ တွေ့ကြပြီ

နိုဝင်ဘာ ၃ ရက် ည ရန်ကုန်က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကချင်တိုင်းရင်းသား အောင်လအန်ဆန်းနဲ့ အလွတ်တန်း ထိုးသတ်မယ့် Alain Ngalani (အာလန် နဂလားနီး) ဟာ ကစ်ဘောက်ဆင် လောကမှာ အလဲထိုး ဘုရင် အဖြစ် ကျော်ကြားသူ ဖြစ်ပါတယ်။

အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ ကင်မရွန်းနိုင်ငံဖွား ဟောင်ကောင်နိုင်ငံသား Ngalani ဟာ လက်သီး အပြင် ခြေထောက်ကိုပါ သုံးခွင့်ပြုတဲ့ မွေထိုင်းနဲ့ ကရာတေး ကိုယ်ခံပညာ အခြေခံ ကစ်ဘောက်ဆင် ပြိုင်ပွဲတွေမှာ ၂၅ ပွဲနိုင်ထားရာမှာ အလဲထိုး အနိုင်ယူတာ ၂၃ ကြိမ် မှတ်တမ်းရှိသူပါ။

ကိုယ်ခံပညာသိုင်းပေါင်းစုံ (Mixed Martial Arts) ပြိုင်ပွဲမှာလည်း ၇ ပွဲ ကစား၊ ၄ ပွဲ နိုင်မှာ အလဲထိုး အနိုင်ယူခဲ့တာ ၃ ကြိမ် ပါဝင် ပါတယ်။

မွေထိုင်း ဟဲဗီးဝိတ် ကမ္ဘာ့ ချန်ပီယံ ၄ ကြိမ် ပိုင်ဆိုင်ထားသူ Ngalani ဟာ လျင်မြန်မှု၊ ကြောက်မက်ဖွယ် ခွန်အားကြီးမှုတွေနဲ့ နာမည်ကြီးသလို အမြင့်ကန် တဖက်လှည့်ကန်ချက်တွေကလည်း သူ့ရဲ့ အမှတ်သင်္ကတ ဖြစ်ပါတယ်။ ဒါနဲ့ပဲ လက်ဝှေ့ကြိုးဝိုင်းလောကမှာ ကျားသစ်နက် နာမည်တွင်ခဲ့ပါတယ်။

မကြာသေးခင်က ထိုးသတ်ခဲ့တဲ့ One ဟဲဗီးဝိတ် ခါးပတ်လုပွဲမှာ စိန်ခေါ်သူ ဂျပန်နိုင်ငံသား Hideki Sekine (ဟာဒါကိဆာကင်) ကို ၁၁ စက္ကန့်ထဲနဲ့ နောက်ကောက်ကျ အလဲထိုးထားခဲ့သူလည်း ဖြစ်ပါတယ်။

Ngalani ဟာ ကရာတေးဒို၊ ဂျူဒို၊ မွေထိုင်း လက်ဝှေ့နဲ့ ဘရာဇီးဂျူဂျစ်ဆု သိုင်းပညာတွေကို တတ်ကျွမ်းပါတယ်။ လက်ရှိမှာတော့ One Championship က ကျင်းပတဲ့ သိုင်းပေါင်းစုံ ပြိုင်ပွဲ ဟဲဗီးဝိတ်တန်းမှာ ယှဉ်ပြိုင်နေသူ ဖြစ်ပါတယ်။

One Championship ကမ္ဘာ့မစ်ဒယ်ဝိတ်တန်း လက်ရှိ ချန်ပီယံ မြန်မာစပါးအုံး အောင်လအန်ဆန်းနဲ့ ထိုးသတ်မယ့် နိုဝင်ဘာ ၃ ရက် ညပွဲကတော့ ONE: Hero's Dream အလွတ်တန်း အထူး စိန်ခေါ်ပွဲ ဖြစ်ပြီး နောက်ကောက်ကျ အလဲထိုးဘုရင်နဲ့ အဖမ်း အချုပ် ကျွမ်းကျင်သူတို့ ဆုံတွေ့ကြမှာ ဖြစ်ပါတယ်။

ဘီဘီစီ တဝန်း