နောင်ချိုက တောင်သူအရေးလှုပ်ရှားသူတဦး အသတ်ခံရမှုအတွက် ၃ ဦးဖမ်းဆီးထား

ဓာတ်ပုံ မူပိုင် Reuters
Image caption တရားဥပဒေ စိုးမိုးမှုမရှိပဲ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာ ဖြစ်တဲ့အတွက် နိုင်ငံတော် အဆင့်အထိ တိုင်ကြားသွားမယ်

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှာ တောင်သူအရေး လုပ်ဆောင်သူ ဦးဌေးအောင် ဝိုင်းဝန်း ရိုက်နှက်ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ သံသယဖြစ်စရာ ပလောင်ကုန်း ရွာသား ၃ ဦးကို ဖမ်းဆီး စစ်ဆေးနေတယ်လို့ နယ်ထိန်းတဦးက ဘီဘီစီကို ပြောပါတယ်။

ဦးဌေးအောင်ကို ပလောင်ကုန်းရွာ ရာအိမ်မှူးက ပိုင်ဆိုင်မှု အရှုပ်အရှင်းရှိနေတဲ့ ပါဟဲရွာအနီးက လယ်မြေ ကိစ္စဖြေရှင်းရေး စစ်ဆေးဖို့အတွက် အောက်တိုဘာလ ၂၈ ရက်နေ့က ခေါ်ယူတဲ့အတွက် သွားရောက်ရာမှာ ပလောင်ကုန်းရွာသား ၂၀ လောက်က ဝိုင်းဝန်းရိုက်နှက်ခံရတာ ဖြစ်တယ်လို့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်းက ဘီဘီစီကို ပြောပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်သွားတဲ့ ဦးဌေးအောင်ဟာ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်လည်း ဖြစ်ပြီး မြေသိမ်းခံ တောင်သူတွေက နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် အပါအဝင် သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားမှုမှာ ဦးစီး လုပ်ဆောင်နေသူ တဦးလည်း ဖြစ်ပါတယ်။

ဦးဌေးအောင်ဟာ တရားဥပဒေ စိုးမိုးမှုမရှိပဲ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရတာ ဖြစ်တဲ့အတွက် နိုင်ငံတော် အဆင့်အထိ တိုင်ကြားသွားမယ်လို့ ဦးဇော်ရမ်းက ဘီဘီစီကို ပြောပါတယ်။

ကုန်းကြီး ကျေးရွာအုပ်စုက ပါဟဲရွာပတ်ဝန်းကျင်မှာရှိတဲ့ မြေဧက ၄၀ဝကို ၁၉၉၀ မှာ နယူးဇီလန် စီမံကိန်းအတွက် သိမ်းယူခဲ့ပြီး ဒီစီမံကိန်း မအောင်မြင်တဲ့အတွက် ၁၉၉၅ ခုနှစ်မှာ အစိုးရတပ်မတော်က ပြန်လည် သိမ်းယူပြီးနောက်ပိုင်းမှာ နယ်မြေခံတွေကို သီးစားချပြီး လုပ်ကိုင်စေခဲ့တာ ဖြစ်ပါတယ်။

ဒီလယ်မြေတွေကို ၂၀၁၃ မှာ တပ်မတော်က ပြန်လည် စွန့်လွှတ်ခဲ့ပေမယ့် မူလပိုင်ရှင်နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြေရှင်းဖို့ ဦးဌေးအောင်က ဆောင်ရွက်ပေးနေတာဖြစ်ပြီး ဒီအငြင်းပွားမှုတွေမှာ လက်ရှိ လုပ်ကိုင်နေတဲ့ ပလောင်ကုန်းရွာသားတွေ အပါအဝင် တရုတ်ကြံစက်တခုလည်း ပါဝင်နေပါတယ်။