မောင်တောဒေသ ဖွံ့ဖြိုးရေး အရှိန်မြှင့် မယ့်ပုံရှိ

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရခိုင် ခရီးစဉ်မှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေလည်း လိုက်ပါသွား

လုပ်ငန်း စီမံချက်တွေ ချထားပြီးတဲ့ ရခိုင်ပြည်နယ် မောင်တော ဒေသကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သွားရောက်တဲ့ ခရီးစဉ်ဟာ ဒေသ အခြေအနေ လာရောက် လေ့လာတာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောပါတယ်။

ဒါ့အပြင် လူသားချင်း စာနာမှု အကူအညီတွေ ပေးရေးနဲ့ အိမ်ရာပြန်လည် တည်ဆောက်ရေး ကိစ္စတွေ အတွက် လာတာလည်း ဖြစ်တယ်လို့ အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ပြောပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်မှာ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ လည်း လိုက်ပါသွားခဲ့ပါတယ်။

မောင်တောခရီးစဉ် အတွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဖြစ်ကြတဲ့ ဦးဇော်ဇော်၊ ဦးပြည့်ဖြိုး တေဇ၊ ဒေါ်နန်းလိုင်းခမ်းတို့ လိုက်ပါ သွားခဲ့ပြီး UEHRD ရဲ့ လုပ်ငန်း အစီအစဉ်တွေကို သွားရောက် လေ့လာခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားတဲ့ ဒေါ်အောင်ဆန်းကြည်က ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူ တွေနဲ့ဆွေးနွေးခဲ့ ပါတယ်။

ရခိုင်ပြည်နယ် အရေး ဖြေရှင်းရာမှာ သံတမန်ရေး နည်းလမ်း၊ ဖွံ့ဖြိုးမှု တည်ဆောက်ရေး နည်းလမ်း၊ လုံခြုံရေး နည်းလမ်း စတဲ့ နည်းလမ်း သုံးသွယ်နဲ့ ဆောင်ရွက်သွားမယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းကြည်က ချပြ ပြောဆိုခဲ့တယ်လို့လည်း ဦးအောင်ကျော်ဇံက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိ မကောင်းတဲ့လမ်းတွေ၊ အထူးသဖြင့် မောင်တောနဲ့ ကြိမ်ချောင်း၊ ကြိမ်ချောင်းနဲ့ ပန်တုလ၊ ကြိမ်ချောင်းနဲ့ တောင်ပြိုလက်ဝဲ သွားတဲ့ လမ်းတွေကို ကောင်းမွန် အဆင့်မြင့်အောင် လုပ်ဆောင်မှာ ဖြစ်ပြီး ၃ နှစ်အတွင်း ကွန်ကရစ်လမ်း ပြီးအောင် မယ်လို့ ဝန်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင် ခရီးစဉ်က နေ့ချင်းပြန်ခရီးဖြစ်ပြီး တိုတောင်းပေမယ့် ရခိုင် အရေး လက်တွေ့ ဆောင်ရွက် နေကြတဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေပါ အတူလိုက်ပါ လာတဲ့ အတွက် မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် အရှိန်မြင့် ဆောင်ရွက်မယ့် အနေအထား ရှိနေတယ်လို့ ဒေသတွင်း လေ့လာ သုံးသပ်သူတွေက ပြောဆိုပါတယ်။