ပထမ အချီမှာတင် အနိုင်ရတဲ့ အောင်လ

Image caption အောင်လနိုင်ခဲ့တဲ့ နာမည်ကြီး ချုပ်ကွက်

One Championship မစ်ဒယ်ဝိတ်တန်း လက်ရှိ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းဟာ နိုဝင်ဘာ ၃ ရက် ညက ကျင်းပတဲ့ One Championship ရဲ့ Hero's Dream အလွတ်တန်း အထူး စိန်ခေါ်ပွဲမှာ စိန်ခေါ်သူ ပြိုင်ဘက်ကို ပထမအချီ မပြီးခင် စက္ကန့်ပိုင်း အလို ၄ မိနစ်နဲ့ ၃၁ စက္ကန့် အရောက်မှာတင် သူကျွမ်းကျင်ပိုင်နိုင်တဲ့ ချုပ်နည်းနဲ့ အနိုင်ယူသွားပါတယ်။

အသက် ၃၂ ရှိပြီ ဖြစ်တဲ့ အောင်လဟာ အလဲထိုးဘုရင်အဖြစ် နာမည်ကျော်တဲ့ မွေထိုင်း ကမ္ဘာ့ လက်ဝှေ့ ချန်ပီယံ အသက် ၄၂ နှစ် ရှိပြီ ဖြစ်တဲ့ ကင်မရွန်းနိုင်ငံဖွား ဟောင်ကောင်က အာလိန်း အန်ဂလားနီး ကို အနိုင်ယူခဲ့တာပါ။

မြန်မာစပါးအုံးမြွေလို့လည်း နာမည်ကြီးတဲ့ အောင်လဟာ ဒီပွဲကို အကောင်းဆုံး ပြင်ဆင်နိုင်ခဲ့လို့ အနိုင်ယူနိုင်ခဲ့တာလို့ အောင်လက ပွဲအပြီး ဘီဘီစီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။

ကျားသစ်နက်လို့လည်း နာမည်ကြီးတဲ့ ပြိုင်ဘက် အန်ဂလားနီးဟာ ခွန်အားကြီးသူ ဖြစ်လို့ သူ့ကို အပြန်အလှန် ထိုးသတ်ဖို့ အခွင့်အရေး မပေးခဲ့ဘဲ အနီးကပ် ပူးသတ်နိုင်ဖို့ ကြိုးစားကာ နောက်ဆုံးမှာ ချုပ်ပြီး အနိုင်ယူနိုင်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အန်ဂလားနီးက မြွေထိုင်း ဘုရင်တစ်ဆူဖြစ်

အာလိန်း ဘာကြောင့်ရှုံး

ရှုံးနိမ့်ခဲ့သူ အန်ဂလားနီးကတော့ မတ်တတ်ရပ်ပြီး ကစားဖို့ ပြင်ဆင်ခဲ့တဲ့ သူ့ရဲ့ Game Plan (ကစားကွက် ဗျူဟာ)အတိုင်း ဖြစ်မလာခဲ့ဘဲ ကြမ်းပြင်ပေါ် ဆွဲချ ချုပ်ယူခံခဲ့ရလို့ ရှုံးနိမ်ခဲ့တာလို့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောပါတယ်။

ပြိုင်ပွဲ မတိုင်ခင်မှာ သူ နေမကောင်း ဖြစ်ခဲ့တာရှိပေမယ့် ကစားချိန်မှာ ကျန်းမာရေး အပြည့်အဝ ပြန်လည် ကောင်းမွန်နေပြီဖြစ်တဲ့အကြောင်းနဲ့ ကျန်းမာရေးကြောင့် ရှုံးနိမ့်ခဲ့ရတာ မဟုတ်ကြောင်း သူက ပြောပါတယ်။

သူအားသာတဲ့ မွေထိုင်း ကစားကွက်တွေ ထုတ်သုံးခွင့် မရခင်မှာ လှဲချ အချုပ်ခံခဲ့ရတာ အတွက် စိတ်ပျက်မိတယ်လို့လည်း ဆိုပါတယ်။

အောင်လ ဆက်ပြင်ဆင်

အောင်လကတော့ အခုပွဲက သူ့ အတွက် အကောင်းဆုံးတော့ မဟုတ်ခဲ့ဘူးလို့လည်း ပြောပါတယ်။ ရှေ့ပွဲတွေ အတွက် သူ့မှာ လိုအပ်ချက်တချို့ရှိနေတာကို ပြင်ဆင်ရမယ်လို့ အောင်လက ဆိုပါတယ်။

Image caption ၂ ချီအတွင်း နိုင်ရမယ်လို့ ပွဲမစခင်ကတည်းက အောင်လက ကြုံးဝါးခဲ့

ရှေ့လာမယ့် ပွဲကိုတော့ သူ ချန်ပီယံယူထားတဲ့ မစ်ဒယ်ဝိတ်တန်းမှာပဲ ယှဉ်ပြိုင်မှာ ဖြစ်ပြီး ဟဲဗီးဝိတ်တန်းမှာ ထိုးဖို့ မရှိဘူးလို့လည်း ပြောပါတယ်။ ဒါကြောင့် အခုပွဲ အတွက် တိုးအောင်လုပ်ထားတဲ့ ကိုယ်အလေးချိန် ကို ပြန်ချရမယ်လို့ ဘီဘီစီကို ပြောပါတယ်။

၂၀၁၈ ဖေဖော်ဝါရီလလောက်မှာ ဖြစ်လာဖို့ ရှိတဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ကာကွယ်ပွဲ အတွက်လည်း ချက်ချင်းပဲ လေ့ကျင့်ခန်း ပြန်ဆင်းမယ်လို့ ပြောပါတယ်။

ချန်ပီယံ ကာကွယ်ပွဲ အတွက် စိန်ခေါ်သူ ဘယ်သူ ဖြစ်လာမယ် ဆိုတာကတော့ ရှေ့လာမယ့် ၂ ပတ် လောက် အကြာမှ သိရပါမယ်။ မစ်ဒယ်ဝိတ်တန်း မှာ ဆိုရင် ကမ္ဘာပေါ်က ဘယ်လို ပြိုင်ဘက်မျိုးမဆို အနိုင်ယူပြီး ချန်ပီယံ ဘွဲ့ကို နှစ်အကြာကြီး ကာကွယ်သွားမယ်လို့လည်း ကြုံးဝါးခဲ့ပါတယ်။

မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ဖြစ်တုန်းက အနိုင်ယူခဲ့သူ ရုရှားနိုင်ငံသား ဗစ်တာလေ ဘစ်ဒက်ရှ်နဲ့ ပြန်လည် ထိုးသတ်ချင်တဲ့ ဆန္ဒရှိတယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ