ဗုဒ္ဓအဆုံးအမဖော်ကျူးသူတွေ အသံပိုကျယ်ဖို့လို

Image caption မန္တလေးမှာကျင်းပတဲ့ ဧရာဝတီ စာပေပွဲတော်မြင်ကွင်း

မန္တလေးတောင်ခြေက မန္တလေးဟေးရီဆော့ ဟိုတယ်မှာ ကျင်းပတဲ့ ဧရာဝတီ စာပေ ပွဲတော်မှာ နိုဝင်ဘာ ၃ ရက်မှာ အစီအစဉ် အမြောက်အများ ရှိတဲ့အနက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာအဖွဲ့၊ အာရှဒေသ တာဝန်ခံ ဦးဆောင်ပြီး တိဗက် ဘုန်းတော်ကြီး နီကိုလပ်စ် ဘရီလန်၊ မန္တလေးက ဖောင်တော်ဦး ကျောင်းတိုက် ဆရာတော်နဲ့ အစ္စလာမ် သာသနာရေး အဖွဲ့ ခေါင်းဆောင်တို့ ဆွေးနွေးပွဲမှာ အခန်း ပြည့်လျှံအောင် စိတ်ဝင်စားသူ များခဲ့ပါတယ်။

ဒီဆွေးနွေးပွဲကို ဦးဆောင်တဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအဖွဲ့၊ အာရှဒေသ တာဝန်ခံ မိုက်ကယ် ဗာတီခီယိုးတစ်စ် ကတော့ မြန်မာနိုင်ငံ ပြင်ပကနေ ပြည်တွင်းကို လာလည်တဲ့သူတွေ အနေနဲ့ မြန်မာနိုင်ငံ အတွင်းမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ သိဖို့ လိုအပ်ပြီး လွဲမှားတဲ့ သတင်းတွေ အယူအဆတွေနဲ့ အတွေးတွေ ရှိနေတဲ့အတွက် ပြည်တွင်း ပြည်ပက လူတွေ တွေ့ဆုံဆွေးနွေး ဟောပြောတာဟာ လွဲမှားမှုတွေကို ပြန်လည် တည့်မတ်စေဖို့ အထောက်အကူ ဖြစ်စေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အတွက်သာမက လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေရဲ့ နောက်ခံ အကြောင်းရင်းတွေ ကိုလည်း နိုင်ငံခြားသားတွေ သိသွားကြရသလို နိုင်ငံရေး ကိစ္စတွေနဲ့ အရပ်သား အစိုးရသစ် အပြောင်း အလဲ ကာလ အခြေအနေ တွေကိုပါ နားလည် နိုင်သွားတော့ ဒီဆွေးနွေးမှုက တော်တော်ကို အကျိုးရှိတယ်လို့ ပြောရမှာပါလို့ မိုက်ကယ် ဗာတီခီယိုးတစ်စ်က ပြောပါတယ်။

ဗုဒ္ဓဘာသာ ဘက်က ဆွေးနွေးခဲ့တဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ကျောင်း ပဓာန နာယက ဆရာတော်ကတော့ ရခိုင်အရေးအခင်းနဲ့ ပညာရေးနိမ့်ပါးမှု အဆက်အစပ်ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။

သူတို့အုပ်စု ကလည်း ပညာမတတ်သလို ဒီဘက် အုပ်စုကလည်း ပညာမတတ်ကြဘူး၊ ဘယ်ဟာမှန်တယ် မှားတယ်နဲ့ အကျိုးအကြောင်း အဆိုးအကောင်း ခွဲခြား မသိကြတဲ့အတွက် အကြမ်းဖက်မှုတွေ ဖြစ်ရတယ်လို့ ဆရာတော် က မိန့်ပါတယ်။

နိုင်ငံတကာ မီဒီယာတွေမှာ သတင်းအမှားတွေ တွေ့ရပြီး သတင်းအမှားတွေ ထွက်ပေမယ့်လည်း လူမှု့ အသိုင်းအဝန်းအတွင်း ပညာရေး အခြေခံကောင်းမွန်ရင် သတင်းမှားတွေကြောင့် မလိုလား အပ်တာတွေ ဖြစ်ဖို့ စိုးရိမ်စရာ မလိုဘူးလို့ ဖောင်တော်ဦး ဆရာတော် ဦးနာယကက မိန့်ပါတယ်။

ဆွေးနွေးမှုတွေ အတွင်း မြန်မာခေါင်းဆောင်တွေအနေနဲ့ ဘာကြောင့် ကိုယ်နဲ့ မတူတဲ့ လူတွေအပေါ် သဘောထား မကြီးနိုင်သူ ခွင့်မလွတ်နိုင်သူတွေကို မတားဆီးကြသလဲ ဆိုပြီး နိုင်ငံခြားသား အချို့က မေးမြန်း ခဲ့ကြပါတယ်။

သူတို့ရဲ့ မေးမြန်းမှုမှာ အဓိကကျတာကတော့ အားလုံးလက်တွဲရမယ်ဆိုတဲ့ အယူအဆကို ခေါင်းဆောင်တွေအနေနဲ့ မမြှင့်တင်ကြဘူးလား ဆိုတဲ့အချက်ကို အဓိကထား ပြောကြတာပါ။

ဒီပွဲမှာ အစ္စလာမ်ဘက်က ဆွေးနွေးတဲ့ ရခိုင်ပြည်နယ်အရေးအကြံပေးအဖွဲ့ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ဒီမေးမြန်းချက်တွေကို ပြန်လည်ဖြေဆိုခဲ့ပါတယ်။

သူ့ရဲ့ ဆွေးနွေး ဖြေဆိုချက်တွေထဲမှာ ဘာသာရေးခေါင်းဆောင်တွေထဲမှာကော သံဃာတော်တွေထဲမှာပါ ဘာသာတရားရဲ့ စစ်မှန်တဲ့ အဆုံးအမတွေကို တင်ပြနေသူတွေ အများအပြားရှိပြီး ဆွေးနွေးမှုမှာ ပါဝင်တဲ့ ဖောင်တော်ဦး ဆရာတော်ဆိုရင် ဗုဒ္ဓဘာသာရဲ့ မှန်ကန်တဲ့ ပုံရိပ်ဖြစ်တယ်လို့ ဦးအေးလွင်က ထောက်ပြပါတယ်။

ဖောင်တော်ဦး ဆရာတော်တို့လိုပုဂ္ဂိုလ်တွေဟာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ဗုဒ္ဓရဲ့ အဆုံးအမ အတိုင်း ဖော်ကျူးနေတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီး ဒီလိုပုဂ္ဂိုလ်တွေရဲ့ လူများစုတွေရဲ့ အသံဟာ ပိုပြီး ကျယ်လောင်စွာ ကြားဖို့ လိုအပ်သလို ဆူညံဆူညံလုပ်နေတဲ့ လူတွေဟာ လူနည်းစုတွေ ဖြစ်တဲ့အကြောင်း ဦးအေးလွင်က ပြောပါတယ်။

ဒီပွဲမှာ နိုင်ငံတကာက စာပေပညာရှင် တွေက သူတို့ သိလိုတာတွေ မေးမြန်းတဲ့အတွက် ရခိုင်အရေးနဲ့ ပတ်သက်ပြီး သူတို့ရင်ထဲက မတင်မကျဖြစ်နေတဲ့ ပုစ္ဆာတွေကို ထိုက်သင့်သလောက် အဖြေထုတ် ပေးနိုင်ခဲ့တဲ့အတွက် ကျေနပ် အားရတယ်လို့ ဆွေးနွေးသူတွေက ပြောကြပါတယ်။

ဒီကနေ့ ဧရာဝတီ စာပေပွဲတော်ကို ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့် တနေကုန် တက်ရောက်သလို မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် လည်း တက်ရောက်ခဲ့ပါတယ်။

ဧရာဝတီ စာပေပွဲတော် လက်ကျန် ၂ ရက်မှာလည်း နိုင်ငံတကာက လာတဲ့ စာပေပညာရှင် ၃ဝ နဲ့ ပြည်တွင်း စာပေပညာရှင် ၁၀ဝ ကျော်က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။