အောင်လနဲ့ ထိုးတဲ့ အာလိန်းရဲ့ ရှုံးနိမ့်မှု အကြောင်းပြချက်

ဓာတ်ပုံ မူပိုင် Getty Images
Image caption အာလိန်း အန်ဂလားနီးဟာ မွေထိုင်း ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ရဖူး

အာလိန်း အန်ဂလားနီးဟာ မွေထိုင်း ကမ္ဘာ့ချန်ပီယံ ၄ ကြိမ် ရဖူးသလို ထိုးတာ၊ ကန်တာ အရမ်းမြန်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ နာမည်ကြီး အကန်အကျောက်တွေ၊ အထိုးအကြိတ်တွေကို ဒီပွဲမှာ ကောင်းကောင်း မမြင်ခဲ့ရပါဘူး။

ဘာကြောင့် အဲဒီလို မကစားနိုင်ခဲ့သလဲလို့ ဘီဘီစီက သူ့ကို သီးသန့် တွေ့ဆုံ မေးမြန်းခဲ့မှာ သူရဲ့ ကစားကွက်အတိုင်း မဖြစ်ခဲ့တာကြောင့်လို့ ပြောပါတယ်။

''ကျွန်တော် အရမ်း စိတ်ပျက်မိတယ်။ ထိချက်တွေရအောင် မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ ကစားကွက်တွေကို မပြနိုင်ခဲ့ဘူး''

အာလိန်းရဲ့ ကစားကွက်

''တကယ်တော့ ကျွန်တော်တို့မှာ ကစားကွက်ဗျူဟာ တခု ရှိခဲ့တယ်။ အဲဒီကစားကွက်ဗျူဟာကတော့ မတ်တပ် အနေအထားနဲ့ ကစားမယ်။ အကွာအဝေးတခုကနေ ထိချက်ရအောင် လုပ်ရမယ်။ ပြိုင်ဘက်က နီးကပ်တဲ့အနေအထား ရောက်လာရင်လည်း လှဲချပြီး ထိုးရမယ်''

ဒါပေမဲ့ အာလိန်းက သူ့ကစားကွက်ထဲကို ပြိုင်ဘက်က ရောက်မလာခဲ့ဘူးလို့ ပြောပါတယ်။

''ဒါပေမဲ့ ကျွန်တော် ဘာကြောင့် မထိုးလှဲနိုင်ခဲ့လဲ မသိဘူး။ ဒီပွဲမှာ ဖြစ်ခဲ့တာက ကျွန်တော်လုပ်နေကျ ပုံစံမဟုတ်ဘူး။ ဒါက သူ့အလိုလို ဖြစ်သွားတာ။ ဒါကြောင့် ကျွန်တော် စိတ်ပျက်တယ်လို့ ပြောတာ။ ကျွန်တော် နေ့စဉ် လေ့ကျင့် ထားခဲ့တဲ့အတိုင်း လှလှပပ ကောင်းကောင်းမွန်မွန် မကစားနိုင်ခဲ့ဘူး''

အခု ရှုံးနိမ့်တာက မကြာခင်က နေမကောင်းဖြစ်ခဲ့တဲ့ သူ့ကျန်းမာရေးနဲ့လည်း မဆိုင်ဘူးလို့ အာလိန်းက ပြောပါတယ်။

''ကျွန်တော်ကတော့ အခုပွဲရှုံးတာ ကျန်းမာရေးနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။ ပွဲမကစားခင် ကျွန်တော်က အပြည့်အဝ ကျန်းမာနေပါပြီ။ ကျွန်တော် ဒီထက် ကောင်းကောင်း ကစားခဲ့ရမှာပါ''

အဖြစ်အပျက် သိပ်မြန်ဆန်

အာလိန်းဟာ ကစားပွဲတိုင်းမှာ ၂ ချီအတွင်း အနိုင်ထိုးတတ်တဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ သူဟာ ပထမအချီမှာတင် အောင်လရဲ့ စပါးအုံး ခံတွင်းထဲကို တိုးဝင်ခဲ့သလို ဖြစ်သွားခဲ့ပါတယ်။ အောင်လရဲ့ ချုပ်ကွက် အောက်မှာ အရှုံးပေး လိုက်ပါတယ်။

ဒီလို မြန်မြန်ဆန်ဆန် ရှုံးနိမ့်ရတာက အတွေ့အကြုံနဲ့တော့ မဆိုင်ဘူးလို့ အာလိန်းက ပြောပါတယ်။

''အတွေ့အကြုံအကြောင်း ပြောရင် ကျွန်တော့မှာ အတွေ့အကြုံတွေ အများကြီး ရှိထားပါတယ်။ ထိုးတဲ့အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ ပြိုင်ပွဲမှာ ကစားတဲ့အရှိန်ရလာတဲ့အခါ အဖြစ်အပျက်တွေကသိပ်မြန်ဆန်သွားတတ်တယ်။ အခုလည်း အဖြစ်အပျက်တွေက သိပ်မြန်ဆန်သွားခဲ့တယ်''

အာလိန်းဟာ မကြာခင် လေ့ကျင့်မှုတွေ ထပ်လုပ်မှာဖြစ်ပြီး ကြိုးဝိုင်းထဲကို နောက်နှစ် ပထမ ၃ လအတွင်း ထပ်ဝင်ဖို့ ရှိတယ်လို့ ဘီဘီစီနဲ့ သီးသန့် မေးမြန်းခန်းမှာ ပြောသွားပါတယ်။