ဟိန္ဒူ ၅ဝဝ ကျော် ပြန်လာလိုကြောင်း သိထားရတယ်လို့ မြန်မာ အတည်ပြု

Image caption စစ်တွေ ဒုက္ခသည် စခန်းရောက် ဟိန္ဒူ အမျိုးသမီးငယ်

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည် ပြန်လည် လက်ခံဖို့ အစီအစဉ်ဟာ ဟိန္ဒူဘာသာဝင် ၅ဝဝ ကျော်ကို စိစစ် လက်ခံရေးနဲ့ စတင်လာမယ့် အခြေအနေမှာ ရှိနေတယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ပြောပါတယ်။

မိမိတို့ရပ်ရွာကို ပြန်လာလိုတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက တဆင့် အကြောင်းကြား လာတဲ့ ဟိန္ဒူဘာသာဝင် ၅ဝဝ ကျော် ရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလူတွေကို စစ်စစ် လက်ခံရေးဟာ သီးသန့် အစီအစဉ် အနေနဲ့ လုပ်ဆောင်မှာမျိုး မဟုတ်ပဲ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်ကြား ဒုက္ခသည် ပြန်လည် လက်ခံရေး ဆိုတဲ့ လုပ်ငန်းစဉ်ကြီးရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ အယောက် ၅ဝဝ ကျော်ဟာ အိုးထိန်း အမည်ရှိတဲ့ ရွာမှာ နေထိုင်သူတွေ ဖြစ်ပြီး၊ ရခိုင် မြောက်ပိုင်း ပဋိပက္ခတွေ အတွင်း အဲဒီရွာဟာ မီးလောင် ပျက်စီး သွားခဲ့ပါတယ်။

Image caption သတ်ခံရတဲ့ ဟိန္ဒူတွေရဲ့ ဆွေမျိုးတွေ

ဒါ့ကြောင့် အစိုးရ အနေနဲ့ စိစစ် လက်ခံ ပြီ ဆိုရင်တော့ နေရပ်ရင်းကို ပြန်လည် ပို့ဆောင် နိုင်အောင် အိုးအိမ်တွေ ပြန်လည် တည်ဆောက် ပေးတာမျိုး တာဝန် ယူရမှာ ဖြစ်တဲ့ အတွက်၊ အဲဒီ ကိစ္စတွေကိုလည်း ပြင်ဆင် ဆောင်ရွက် နေပြီလို့ ဆိုပါတယ်။

အခုလို ဒုက္ခသည် ပြန်လည် လက်ခံရေးမှာ ဟိန္ဒူဘာသာဝင် တွေကို စိစစ် လက်ခံမယ် ဆိုပြီး မြန်မာ အာဏာပိုင်တွေ ဘက်က ပြောလာပေမယ့်၊ ဘယ်နေ့ အတိတကျ စတင် လာမယ် ဆိုတာကိုတော့ အတည် ပြုနိုင်ခြင်း မရှိ သေးပါဘူး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံကြား အာဏာပိုင်တွေ ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်ခဲ့ပြီး၊ သဘောတူမှု တချို့ ရရှိထားတယ် ဆိုပေမယ့် ဒုက္ခသည်တွေ ပြန်လည် စေလွှတ်တာ၊ လက်ခံတာမျိုးကိုတော့ စတင် အကောင်အထည် ဖော်လာတာ မတွေ့ရ ဖြစ်နေပါတယ်။

မြန်မာ ဘက်ကတော့ ဒုက္ခသည် ပြန်လည် လက်ခံရေး အတွက် တောင်ပြိုလက်ဝဲမှာ စခန်းတစ်ခု ပြင်ဆင် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ