ရခိုင်အရေးကြောင့် ဗြိတိသျှတက္ကသိုလ်များနှင့် ဆက်ဆံရေး ကန့်သတ်နိုင်

Image caption ပညာရေးနဲ့ လူမှုဘ၀ အပြင် အလုပ်အကိုင် ရှာဖွေရေး ဆိုင်ရာ အတွေ့အကြုံမျှဝေ

ရခိုင်အရေးကြောင့် မြန်မာနိုင်ငံနဲ့ ဗြိတိသျှ တက္ကသိုလ်တွေ အဆက်အဆံ ဖြတ်တောက်ဖို့ တောင်းဆိုမှုတွေ ရှိနေတယ်လို့ Times Higher Education ဗြိတိသျှ ပညာရေး ဝဘ်ဆိုက် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံ ပြန်လည် တံခါးဖွင့်စပြုနေတဲ့ ကာလကတည်းက ဒီတက္ကသိုလ်တွေက မြန်မာပြည်ထဲ ဝင်ရောက်ပြီး ပညာရေး မြှင့်တင်မှုတွေ ဆောင်ရွက်ပေးနေကြတာ ဖြစ်ပါတယ်။

ဒါကို မြန်မာနိုင်ငံမှာ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးနေလို့ မြန်မာတက္ကသိုလ်တွေနဲ့ အဆက်အသွယ်ဖြတ်ပါ ဆိုပြီး အိုးပင်း ယူနီဗာစီတီ စတဲ့ ဗြိတိသျှတက္ကသိုလ် တချို့မှာ တောင်းဆိုနေတာတွေ ရှိနေပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်တပ်ကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဘက်မှာ ပြောဆိုဆွေးနွေးနေချိန်မှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး မြန်မာပြည်က တက္ကသိုလ်ကြီးတွေမှာ အဓိက ကူညီမှုတွေ လုပ်ပေးနေတဲ့ အောက်စဖို့ဒ် တက္ကသိုလ်မှာတော့ ဒီလို အဆက်အသွယ် ဖြတ်ဖို့ ပြောဆိုတာ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် အကြီးတန်း သုတေသီ ဒေါက်တာ မက်သယူး ဝေါ်လ်တန်က ပြောပါတယ်။

ဗြိတိသျှအစိုးရ အနေနဲ့ သီးခြား လွတ်လပ်တဲ့ တက္ကသိုလ်တွေ ပညာရှင်တွေကို မြန်မာပြည်နဲ့ အဆက်အသွယ် မလုပ်ဖို့ ကန့်သတ်လာတာမျိူးလည်း ဖြစ်နိုင်ဖို့ ခက်တယ်လို့ ပြောပါတယ်။

မြန်မာပြည်ကို အရင်က ပညာရေးကန့်သတ် ပိတ်ဆို့တာလို့ မရှိခဲ့ဘဲ စစ်ခေါင်းဆောင်ပိုင်းရဲ့ မိသားစု တွေကိုသာ ကန့်သတ်ပိတ်ဆို့တာတွေ ရှိခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အောက်စဖို့ဒ် တက္ကသိုလ်ဟာ ကောလိပ်တွေ သီးသန့်ဖွဲ့စည်း ဆောင်ရွက်တာ ဖြစ်တယ် ဒါကြောင့် စိန့်ဟျုချ် ကောလိပ်က ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံဖြုတ်တဲ့ကိစ္စဟာ သူ့ကောလိပ်အလိုက် သီးခြားဆုံးဖြတ် တာသာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

လန်ဒန် တက္ကသိုလ်မှာ ဗြိတိသျှကောင်စီရဲ့ ပညာသင်ဆုနဲ့ လာပြီး သင်ယူနေတဲ့ မဂျာထွယ်ပန်ကတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်တစား မေးမြန်းမှုတွေ ကြုံရတယ်လို့ ပြောပါတယ်။

ရာစုတဝက်လောက် အဆက်ပြတ်နေရာက အမီလိုက်နေရတဲ့ မြန်မာပြည်ကို ပညာရေးကန့်သတ် ပိတ်ဆို့မှုတွေ မလုပ်သင့်ဘူးလို့လည်း ဂျာထွယ်ပန်က ဆိုပါတယ်။

မြန်မာပြည်ကို ပညာရေး ကန့်သတ်ပိတ်ဆို့မှုတွေ မလုပ်သင့်ဘူးလို့လည်း ဂျာထွယ်ပန်က ဆိုပါတယ်။ မြန်မာပြည်ကို တခြားဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်တာတွေ ဖြစ်လာရင် ပညာရေး အကူအညီတွေ လျှော့ချ ပိတ်ပင်မှု ဖြစ်လာနိုင်တယ်လို့လည်း မြန်မာပြည်နဲ့ နီးစပ်တဲ့ ပြည်ပပညာရှင် တချို့က သုံးသပ် သတိပေးတာတွေ ရှိပါတယ်။