ထွက်ပြေးထားတဲ့ ကလေးစစ်သား မန္တလေးနေအိမ်မှာ ပြန်အဖမ်းခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ILO ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံတဝန်းက ကလေးစစ်သားတွေ လွတ်မြောက်လာတာရှိပေမယ့် ပြန်အဖမ်းခံရသူတွေ ရှိနေ

မြန်မာ့တပ်မတော်က ကလေးစစ်သားအဖြစ် စုဆောင်းခံ ရ ရာကနေ တပ်က ထွက်ပြေးထားတဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် နန်းမြင့်ရွာက မောင်ညိုမောင်ကို တပ်ပြေးအဖြစ် တပ်ကိုယ်စားလှယ်နဲ့ ရဲတွေက ပြန်လည် ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုလို လာရောက် ဖမ်းဆီးရာမှာလည်း တပ်ပြေး လက်ခံတဲ့ မိဘတွေကို အရေးယူနိုင်တယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ မောင်ညိုမောင်ရဲ့ ဦးလေးဖြစ်သူ ကိုအောင်ဆင့်က ဘီဘီစီကို ပြောပါတယ်။

လာဖမ်းသူတွေ ပါလာတဲ့ ဝရမ်းမှာ တပ်ထွက်လက်မှတ်မရှိလို့ ဆိုတဲ့ အကြောင်းပြချက်ပါရှိပြီး တပ်ပြေးအဖြစ် ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိလည်း ကျခံရနိုင်တယ်လို့ ဖော်ပြထားကြောင်း ကိုအောင်ဆင့်က ပြောပါတယ်။

အခုလို အဖမ်းခံခဲ့ရတဲ့ မောင်ညိုမောင်ကို ယခင် ထမ်းဆောင်ခဲ့ဖူးတဲ့ ပြည်မြို့ အခြေစိုက် တပ်ရင်းကို အာဏာပိုင်တွေက ပို့ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption အခုလို ဖမ်းဆီးသွားတဲ့အတွက် ILO ကို အကြောင်းကြားထားပြီး ILO ဘက်ကလည်း အစိုးရဘက်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့

အခုလို အဖမ်းခံရတဲ့ မောင်ညိုမောင်ဟာ ၂၀ဝ၉ ခုနှစ် အသက် ၁၆ နှစ်အရွယ်မှာ သာစည်ဘူတာအတွင်း ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး ၂၀၁၃ မှာ ပြန်လည် ထွက်ပြေးလာပေမယ့် အစိုးရတပ်မတော်နဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO တို့ ညှိနှိုင်းချက်အရ စစ်ဆေးဆဲကာလမှာ မဖမ်းဆီးဖို့ သဘောတူထားခဲ့တာ ဖြစ်ပါတယ်။

အခုလို ညှိနှိုင်းပေးထားတဲ့ ILO က တပ်ဘက်က ဖမ်းဆီးဖို့ ခြိမ်းခြောက်လာရင် တည်ဆဲ ဥပဒေအရ အရေးယူနိုင်တယ်ဆိုတဲ့ အကာအကွယ်ပေးတဲ့စာ ထုတ်ပေးထားပေမယ့်လည်း အခုလို ဖမ်းဆီးသွားတဲ့အတွက် ILO ကို မိသားစုဝင်တွေက အကြောင်းကြားထားပြီး ILOဘက်ကလည်း အစိုးရဘက်ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ အကြောင်းကြားပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ကလေးစစ်သားအဖြစ် စုဆောင်းခံရတာနဲ့ ပတ်သက်ပြီး ILO ရဲ့ ကူညီ ဆောင်ရွက်ပေးမှုကြောင့် အများအပြား ပြန်လည် လွတ်မြောက်ခဲ့ဖူးပေမယ့် အခုလို တပ်ပြေးအဖြစ် ပြန်ဖမ်းတာကတော့ ၂၀၁၇ ခုနှစ်မှာ ပထမဆုံးဖြစ်ကြောင်း သိရပါတယ်။