လူငယ်တွေကို သင်တန်းပေးပြီး ပဋိပက္ခဖြစ်ရာ ရခိုင်ဒေသကို စေလွှတ်မယ်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် စစ်တွေမြို့ကို သွားရောက်စဉ်

ပဋိပက္ခတွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် မောင်တော ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူညီတွေ ပေးနိုင်ဖို့ လာမယ့် သီတင်းပတ်အတွင်း လူငယ်တွေ ဦးဆောင် သွားရောက်ဖို့ ရှိနေပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေ ဦးဆောင်လုပ်တဲ့ ဒီ ခရီးစဉ်မှာ လူငယ်တွေက ရခိုင်ပြည်မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ကြုံခဲ့ရတဲ့ ကျေးရွာတွေမှာ လူဦးရေ အချက်အလက်တွေ၊ ဒုက္ခသည်တွေရဲ့နေထိုင် စားသောက်ရေး နဲ့ ဘဝရပ်တည်ရေးလိုအပ်ချက်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ စာရင်းကောက်ယူမှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွက် အသက် (၁၈)နှစ်ကနေ (၃၅)နှစ်ကြား နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတခုခု တက်မြောက်ထားတဲ့ လူငယ်တွေကို ဦးစားပေး ရွေးချယ်ထား ဖြစ်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး ကပြောပါတယ်။

ဒီ အစီစဉ်ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်တာဝန်ယူဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာအကူအညီထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံဖြိုးရေးစီမံကိန်း UEHRD ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးလူငယ် အဖွဲ့ကနေ လုပ်တာ ဖြစ်ပြီး ဒီအစီစဉ်အတွက် လျှောက်ထားတဲ့ လူငယ်အယောက် (၁၂၀)ကို ရွေးချယ်ကာ တသုတ်ကို အယောက် (၄၀) စီနဲ့ အသုတ် (၃) သုတ်ခွဲ စေလွှတ်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ရခိုင်ပြည်မြောက်ပိုင်း ရက်(၂၀)ကြာ ခရီးစဉ် မစခင်မှာ လူမှုကူညီရေးနဲ့ဆိုင်တဲ့ (၃)ရက်ကြာ သင်တန်း ပေးပြီး ဘူးသီးတောင် မောင်တော ဒေသတွေက ပဋိပက္ခဖြစ်ခဲ့တဲ့ ကျေးရွာတွေကို ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းပြီး စေလွှတ်မယ်လို့ ဦးအောင်ကျော်မိုး က ပြောပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကို ပူးပေါင်းကိုင်တွယ် ဖြေရှင်းဖို့ UEHRD ကော်မတီ အပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ရေးကော်မတီ အပါအဝင် အဖွဲ့ အတော်များများကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

အခု UEHRD ကော်မတီဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂)ရက်နေ့တုန်းကလည်း ရခိုင်ပြည်နယ် စစ်တွေ နဲ့ မောင်တောဒေသကို နေ့ချင်းပြန် သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေအပြင် အဲဒီဒေသက ဒုက္ခသည်တွေနဲ့ လည်း တွေ့ခဲ့တာ ဖြစ်ပါတယ်။