ဗိုလ်ချုပ်မှူးကြီး အာဆီယံ လက်နက်ပြပွဲ တက်ရောက်

ဓာတ်ပုံ မူပိုင် Tatmadaw chief of staff Facebook
Image caption နိုင်ငံပေါင်း ၄၀ ကျော်က စစ်တပ် အကြီးအကဲတွေ တက်ရောက်ခဲ့

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တပ်မတော် ကိုယ်စားလှယ် တွေဟာ ဘန်ကောက်မြို့ မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံများ ကာကွယ်ရေး နဲ့ လုံခြုံရေး ဆိုင်ရာ ပြပွဲကို တက်ရောက် နေကြ ပါတယ်။

ဒီပြပွဲကို နိုင်ငံပေါင်း ၄၀ ကျော်က စစ်တပ် အကြီး အကဲတွေ တက်ရောက်ခဲ့ပြီး၊ နိုင်ငံ ၃၀ ကျော်ကနေ လက်နက် ဆိုင်ရာ ပြခန်း ပေါင်း ၄၀၀ ကျော်ပြသ ထားပါတယ်။

၂ နှစ် တခါ ကျင်းပတဲ့ ဒီပြပွဲမှာ အနောက် နိုင်ငံက လက်နက် ထုတ်လုပ်တဲ့ ကုမ္ပဏီ တွေနဲ့ အာရှက လက်နက် ထုတ်တဲ့ ကုမ္ပဏီ တွေ သူတို့ရဲ့ နောက်ဆုံး ပေါ် လက်နက်တွေကို လာရောက် ပြသကြတာ ဖြစ်တယ်လို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေး အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးသိန်းထွန်းဦးက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လက်နက် ထုတ်တဲ့ ကုမ္ပဏီ တွေ သူတို့ရဲ့ နောက်ဆုံး ပေါ် လက်နက်တွေကို လာရောက် ပြသကြတာ ဖြစ်တယ်

ဒါဟာ အာရှ ဒေသမှာ ကုမ္ပဏီတွေရဲ့ လက်နက် စျေးကွက် တိုးချဲ့တဲ့ သဘောမျိုး လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ တပ်မတော် အနေနဲ့ တော့ ထူးခြားတဲ့ နည်းပညာတွေကို အဲဒီမှာ သွားလေ့လာပြီး ပြည်တွင်းမှာ ပြန် ထုတ်လုပ်ဖို့ ရှိ သလား ဆိုတာ စဉ်းစား စရာ ဖြစ်တယ်လို့ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

တပ်မတော် အနေနဲ့ လက်နက် ဝယ်ယူမယ် ဆိုရင်လည်း ဘယ်လို လက်နက်ဝယ် မယ်ဆိုတာ ကြိုတင် ပြောဖို့ ခက်ကြောင်း၊ ပြပွဲ ပြီးသွားမှာ ရှင်းရှင်း လင်းလင်း သိရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီးယူနဲ့ အမေရိကန် တို့က မြန်မာ့ တပ်မတော် အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန်လုပ်လာ နေတာ ဆိုတော့ အခုလို အခြေ အနေမှာ တော့ တပ်မတော်ဟာ လက်နက် ဝယ်မယ် ဆိုရင် ရုရှား၊ တရုတ် နဲ့ အိန္ဒိယ တို့ကနေ ၀ယ်ယူဖို့ ရှိတယ်လို့ ဦးသိန်းထွန်းဦး ပြောကြား သွားပါတယ်။