နယ်စပ်ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ်ကို မြန်မာ ကန့်ကွက်စာပို့

ဓာတ်ပုံ မူပိုင် Information Committee
Image caption မြန်မာရဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းကနေ လှမ်းပစ်ခတ် တိုက်ခိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်စပ် မှတ်တိုင် ၄၅နဲ့ ၄၆ အကြားမှာ မြန်မာ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ဖွဲ့ထံ ကန့်ကွက်စာ ပို့လိုက်ပါတယ်။

နိုဝင်ဘာလ ၅ရက်နေ့တုန်းက နယ်စပ် ခြံစည်းရိုးတွေ လိုက်စစ်ဆေးနေတဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၄ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်း ကိုက်၁၀၀ အကွာလောက်မှာ ရှိတဲ့ တောင်ကုန်းပေါ်ကနေ လက်နက်ငယ်တွေနဲ့ အချက် ၃၀လောက် ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်က ဘီဘီစီကို ပြောပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားအောင် ကြားက အကြမ်းဖက် အဖွဲ့အစည်းတွေက လုပ်သလား ဆိုတာကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ စိစစ်ဖို့နဲ့ နယ်စပ်မှာ လက်နက်ကိုင်လှုပ်ရှားပြီး မြန်မာနိုင်ငံဘက်ခြမ်းကို အခုလို ပစ်ခတ်တာမျိုးကို တင်းတင်းကြပ်ကြပ် အရေးယူဖို့ လိုတယ်လို့ သူက ပြောပါတယ်။

နယ်စပ် လုံခြုံရေးအတွက် အစိုးရအဖွဲ့ချင်းရော၊ လုံခြုံရေး အဖွဲ့ချင်းပါနှစ်ဦးနှစ်ဖက် သဘောတူချက်တွေ လုပ်ထားတဲ့အတွက် ဒီသဘောတူချက်တွေအတိုင်း လုပ်ဆောင်ဖို့ လိုတယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့အပြီး ဒါဟာ ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်မှာ ဒုတိယမြောက် တိုက်ခိုက်မှု ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၂ရက်နေ့က တောဝက် ပစ်ထွက်တဲ့ အောင်သပြေကျေးရွာသား ဒိုင်းနက်တိုင်းရင်းသား ၄ဦးကို နယ်စပ် ခြံစည်းရိုး ကျော်ပြီး တဖက်နိုင်ငံဘက်ထဲ ရောက်သွားတဲ့အတွက် ပစ်ခတ်ခံခဲ့ရပြီး ၂ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အခုတခေါက်ကတော့ နယ်စပ်ခြံစည်းရိုးကို ကြည့်ရှု စစ်ဆေးစဉ်မှာ လုံခြုံရေး ရဲတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ လှမ်းပြီး ပစ်ခတ်ခဲ့တာလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။