ကချင်မှာ မြေဧက သန်းနဲ့ချီ ထိန်းသိမ်း နယ်မြေသတ်မှတ်မှုကြောင့် ကန့်ကွက်မှုတွေရှိ

ဓာတ်ပုံ မူပိုင် AFP Forum
Image caption ပူတာအိုဒေသတနေရာ

စစ်မက်ဖြစ်ပွားမှု များပြားတဲ့ ကချင်ပြည်နယ်မှာ မြေဧက သိန်းနဲ့ချီတဲ့ မြေတွေကို အမွေအနှစ်ကာကွယ်ရေး နယ်မြေအဖြစ် သတ်မှတ်ပြီး ကာကွယ်တောတွေနဲ့ ဘေးမဲ့ နယ်မြေတွေသတ်မှတ်ဖို့ အန်အယ်လ်ဒီ အရပ်သား အစိုးရက လုပ်ဆောင်နေသလို အဲဒီ အစီအစဉ်ကို ဒေသခံ တိုင်းရင်းသားတွေကလည်း ကန့်ကွက်မှုတွေ ရှိနေပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ ရိုးရာဓလေ့ဆိုင်ရာ မြေယာစီမံခန့်ခွဲခွင့်တွေကို အစိုးရက အသိအမှတ်ပြုရမယ်ဆိုပြီးတော့ တောင်းဆိုမှုတွေလည်း ရှိနေတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်အတွင်း ကချင်ပြည်နယ်မှာ သဘာဝ ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး နယ်မြေအဖြစ် သတ်မှတ်တဲ့ မြေဧက စုစုပေါင်းဟာ ၇ သန်းကျော်လောက် ရှိလာခဲ့တာပါ။ အဲဒီအရေအတွက်ဟာ တပြည်နယ်လုံး မြေဧက စုစုပေါင်းရဲ့ ၃ ပုံ တပုံအထိ ရှိလာခဲ့တာဖြစ်ပါတယ်။

အဲဒီလို သတ်မှတ်ခဲ့တဲ့ ဒေသတွေထဲမှာ စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေက နယ်မြေတွေနဲ့ အသွားအလာနည်းပါးတဲ့ ဇီဝမျိုးစုံနဲ့ ဌာနေ တိုင်းရင်းသား လူနည်းစုတွေ နေထိုင်ရာ ဒေသတွေအပြင် လူနေထူထပ်တဲ့ မြစ်ကြီးနာ မိုးညှင်းစတဲ့ ဒေသအနီးတွေက နယ်မြေတွေလည်း ပါဝင်ခဲ့တာပါ။

တဘက်မှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး မဖွံ့ဖြိုးတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ တောင်ယာခုတ် ၊ သစ်မြစ်သစ်ဥရှာ အမဲလိုက်နဲ့ပဲ နေထိုင်နေရသူတွေလည်း အမြောက်အမြား ရှိနေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လက ပူတာအိုနဲ့ ဒေသကဧက သိန်းနဲ့ချီတဲ့ မြေတွေကို ခါကာဘိုရာဇီ တိုးချဲ့အမျိုးသား ဥယျာဉ်နယ်မြေအဖြစ် အစိုးရက သတ်မှတ်ကြေညာခဲ့ပြီး မြေဧက ၈ သိန်းကျော်အထိ တိုးချဲ့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီကိစ္စအပေါ် ဒေသခံတွေက မကျေနပ်မှုတွေ ဖြစ်လာခဲ့ပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

ခါကာဘိုရာဇီဒေသမှာ ယခင်ကလည်း ဧကသိန်းနဲ့ချီတဲ့ မြေအကျယ်အဝန်းကို အမျိုးသား ဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ပြီး ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းထဲဝင်ဖို့ ကြိုးပမ်းလာချိန်မှာ ယခင် အကျယ်အဝန်းက မလုံလောက်တဲ့ အတွက် တိုးချဲ့ သတ်မှတ်လာရတာဖြစ်ပါတယ်။

၁၉၈၈ ခုနစ်က အမျိုးသား ဥယျာဉ်သတ်မှတ်တဲ့နေရာမှာ ပါးစပ်ကပဲပြောသွားပြီး ဒေသအတွက် တံတားတစင်း လမ်းတလမ်းဖောက်ပေးသွားတာမရှိခဲ့သလို စာသင်ကျောင်းဆေးပေးခန်းတွေ ပေါ်ပေါက်မလာတဲ့အပြင် ဒေသခံတွေ စားဝတ်နေရေးခက်ခဲပြီး နေရပ်ရွှေ့ပြောင်းပေးရတာတွေ ဖြစ်ခဲ့တယ်လို့ ကချင်အမျိုးသား ကွန်ကရက်ပါတီမှ ဥက္ကဌ ဒေါက်တာ အမ်ကောန်လက ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေကို သစ်ခုတ်မှု၊ တောရိုင်းတိရစ္ဆာန်သတ်ဖြတ်မှု စတဲ့ မသမာတဲ့ စီးပွားရေးသမားတွေအတွက် ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ဒေသခံတွေကို ထိန်းချုပ်လာတာတွေ လုပ်ခဲ့တယ်လို့လည်း ဒေါက်တာ အမ်ကောန်လ ပြောပါတယ်။

အဲဒီ ပူတာအိုခရိုင်အတွင်းမှာပဲ ဖုန်ကန်ရာဇီဒေသကိုလည်း ခါကာဘိုရာဇီလိုပဲ ဘေးမဲ့အမျိုးသား ဥယျာဉ်အဖြစ် အရင်က သတ်မှတ်ခဲ့ဖူးပြီး ရွှေ့ပြောင်းပေးခဲ့ရသူတွေအတွက် ဘာမှ ကူညီပေးတာမရှိတဲ့ကိစ္စဟာ ဒေသခံတွေအတွက် ကန့်ကွက်ရတဲ့ အဓိက အကြောင်းအရင်းဖြစ်နေတယ်လို့ နောင်မွန်းဒေသခံ ဦးအောင်ခမ်းက ဘီဘီစီကို ပြောပါတယ်။

အာဏာပိုင်တွေဘက်က ငွေပေးမယ် ၊ ဆန်ပေးမယ် ၊ တောင်ယာခုတ်လို့ရမယ်ဆိုပြီး ကတိပေးခဲ့ပေမဲ့ ကတိတွေကို တာဝန်မယူတဲ့အတွက် စားဝတ်နေရေး ကျပ်တည်းလာတာကြောင့် အဲဒီနယ်မြေထဲက ဒေသခံတွေဟာ အခုဆို ပူတာအိုမြို့မှာ ပြောင်းရွှေ့နေထိုင်နေရပြီဖြစ်တဲ့အတွက် အခုစီမံချက်တွေကို ယုံကြည်ဖို့ ခက်စေတယ်လို့ ဦးအောင်ခမ်းက ပြောပါတယ်။

ခေတ်အဆက်ဆက် အမျိုးသား ဥယျာဉ်တွေ ကာကွယ်တောတွေအဖြစ် သတ်မှတ်ခဲ့တဲ့ နယ်မြေတွေမှာ တကယ်ပဲ သားရဲတိရစ္ဆာန်နဲ့ မျိုးစိပ်တွေကို ထိန်းသိမ်းနိုင်ခဲ့တာ မရှိပါဘူး။ တနိုင်း ဒေသမှာဆိုရင် ကျားထိန်းသိမ်းနယ်မြေလို့ သတ်မှတ်ခဲ့ပေမဲ့ သားကောင် သိပ်မရှိတော့သလို ကြားခံနယ်မြေအဖြစ် သတ်မှတ်ခဲ့တဲ့ ချိုင့်ဝှမ်းဒေသမှာ ယုဇန ကုမ္ပဏီက စိုက်ပျိုးရေးအတွက်ဆိုပြီး မြေဧက သိန်းနဲ့ချီ ရယူထားတာကြောင့် ဒေသခံတွေနဲ့ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဖုန်ကန်ရာဇီဒေသဆိုရင်လည်း လာရောက်ရင်းနှီးမြှပ်နှံသူ ခရိုနီစီးပွားရေးလုပ်ငန်းရှင်နဲ့ ဒေသခံတွေအကြား အငြင်းပွားမှုတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

ကချင်ပြည်နယ်မှာ တိုးချဲ့ ဘေးမဲ့ ကန့်သတ်ဧရိယာ တိုးချဲ့မဲ့ မြေဧက လျှော့ချနိုင်ရေးအတွက် ကေအန်စီ ကချင်အမျိုးသား ကွန်ကရက် ပါတီ ၊ ကချင်ပြည်နယ် ဥပဒေများ လေ့လာအကြံပြုရေး ကော်မတီမှာ တာဝန်ရှိသူတွေဟာ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဘက်ကတော့ မြေဧက အရေအတွက် လျှော့ချသတ်မှတ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး စစ်ဆေးချက်ရလာဒ်တွေအပေါ် မူတည်လို့ ဥပဒေကြောင်းအရ ဒေသခံတွေကို ပိုမို အကာကွယ်ပေးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားတယ်လို့ သွားရောက်တွေ့ဆုံသူတွေက ပြောပါတယ်။