ကချင်မှာ ပထမဆုံး ဖြစ်မယ့် စီးပွားရေးဇုန်မှာ ရင်းနှီးဖို့ တရုတ်စိတ်ဝင်စား

ဓာတ်ပုံ မူပိုင် Kachin State Parliament Facebook
Image caption ကချင်ပြည်နယ်လွှတ်တော်

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ်အဖွဲ့က ကချင် ပြည်နယ် အစိုးရနဲ့ မြစ်ကြီးနားမြို့မှာ တွေ့ဆုံပြီး ရင်းနှီးမြုပ်နှံမှု တွေနဲ့ နယ်စပ်ကုန်သွယ်ရေး အခြေအနေတွေကို ဆွေးနွေးခဲ့ကြ ပါတယ်။

အဖွဲ့ဝင် ၁၀ ဦးပါတဲ့ တရုတ် အထူးစီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ လွယ်ဂျယ်နဲ့ ကန်ပိုက်တီး ဒေသကနေ တရုတ်ဘက်ကို မှောင်ခိုလမ်းကြောင်းကနေ တင်ပို့နေတဲ့ ဆန်တွေကို တရားဝင် ကူးသန်း ရောင်းဝယ်နိုင်ဖို့ ပြည်နယ်အစိုးရက ပြောဆိုခဲ့တယ်လို့ ကချင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဒီဆင်ရန်က ပြောပါတယ်။

ကချင် ပြည်နယ်အစိုးရက မြန်မာ ဆန်ကုန်သည်ကြီးတွေရဲ့ ဆုံးရှုံး နစ်နာမှုတွေကို တင်ပြ ပြီး နှစ်နိုင်ငံ အစိုးရ ညှိနှိုင်း အဖြေရှာဖို့ ပြောခဲ့ရာမှာ လောလောဆယ် မြန်မာ့ဆန်ကို တရုတ်ဘက်က ဝယ်ယူတာ မရှိသေးဘဲ တစ်နှစ်ကို ဆန်တန်ချိန် ဘယ်လောက် တရုတ်ကို ပို့မယ်ဆိုတာ နှစ်နိုင်ငံ သဘောတူပြီးမှသာ ဆန်တင်ပို့မှုတွေ တရားဝင် ဖြစ်မယ်လို့ တုံ့ပြန်ကြောင်း သူက ဆိုပါတယ်။

အခု ကချင် ပြည်နယ်ကို လာတဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့မှာတော့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေ ပါမလာခဲ့တဲ့ အတွက် တရုတ် ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်လို့ သဘောတူတာ မရှိခဲ့ဘူးလို့ ဦးဒီဆင်ရန်က ပြောပါတယ်။

တကယ်တော့ တရုတ်ကုမ္ပဏီ အများစုက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပြီး ကချင်ပြည်နယ် ဝိုင်းမော် ဘက်မှာ လုပ်မယ့် အထူးစီးပွားရေး ဇုန်မှာ ရင်းနှီးမြုပ်နှံဖို့ အဆိုပြုထားတဲ့ တရုတ်ကုမ္ပဏီ တွေလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံ ထိန်ချုန်းဘက်က ကုမ္ပဏီတွေက အများဆုံး စိတ်ဝင်စားနေပြီး လောလောဆယ် တရုတ် ကုမ္ပဏီနှစ်ခုနဲ့ ပြောဆို ဆွေးနွေး နေကြောင်းနဲ့ ပြည်ထောင်စု အစိုးရက ဆုံးဖြတ် လုပ်ကိုင်မယ်လို့ ဦးဒီဆင်ရန်က ပြောပါတယ်။

ဝိုင်းမော်ဘက်မှာ လုပ်မယ့် စီးပွားရေးဇုန် စီမံကိန်းဟာ ကချင်ပြည်နယ်အတွက် ပထမဆုံး စီးပွားရေးဇုန် ဖြစ်ပြီး မြေဧက ထောင်နဲ့ ချီ အကျယ်အဝန်းရှိပါလိမ့်မယ်။

စက်ရုံတွေနဲ့ ဟိုတယ်တွေ လည်း ပါဝင်မယ့် အဲဒီနေရာဟာ ကုန်သွယ်ရေး လုပ်ငန်းတွေရဲ့ ဗဟို အချက်အချာ ဖြစ်လာ နိုင်ဖွယ်ရှိပါတယ်။