ကုလလုံခြုံရေးကောင်စီ ရခိုင်အရေးထုတ်ပြန်ချက် မြန်မာအစိုးရ လက်မခံ

ဓာတ်ပုံ မူပိုင် State Counsellor office
Image caption အတိုင်ပင်ခံရုံးဝန်ကြီးဌာန ထုတ်ပြန်ချက်

ရခိုင်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လတ်တလော ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မြန်မာအစိုးရအနေနဲ့ လက်ခံကျေနပ်ခြင်းမရှိဘူးလို့ မြန်မာအစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက်မှာ မြန်မာအစိုးရရဲ့ လူမျိုး ဘာသာ အဆင့်အတန်း ခွဲခြားမှု မရှိဘဲ အကျပ်အတည်းဖြစ်နေတဲ့သူအားလုံးထံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်မှု အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့မှုနဲ့ ရခိုင်ဒေသ ငြိမ်းချမ်းရေး တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ကြိုးပမ်းမှုအချို့တဝက်ကိုသာ အသိအမှတ်ပြုထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် လုံခြုံရေး ကောင်စီ ဥက္ကဌ ထုတ်ပြန်ချက်ဟာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို နှစ်နိုင်ငံဆွေးနွေးကာ အပြန်အလှန်ချစ်ကြည် ရင်းနှီးမှုနဲ့ ဖြေရှင်းမှ အောင်မြင်မှု ရနိုင်တယ်ဆိုတဲ့ အချက်ကို လျစ်လျူရှုထားတယ်လို့ မြန်မာအစိုးရဘက်က ဆိုပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသောသူတွေ နေရပ် ပြန်လည်ရောက်ရှိလာရေးအတွက် ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေနဲ့ ချစ်ခင်ရင်းနှီးစွာ ဆွေးနွေးလျက် ရှိပြီး နိုဝင်ဘာလအတွင်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာကို လာရောက်ဖို့ ရှိနေပြီး ခရီးစဉ်အတွင်း နှစ်ဘက် လက်ခံနိုင်တဲ့ သဘောတူညီချက်ရဖို့ မျှော်မှန်းပြီး ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ အစိုးရဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ မကြာသေးခင်ကလည်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မြန်မာပြည်ကို လာရောက်ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ စာချုပ်လက်မှတ်ရေးထိုးနိုင်မှုကိုလည်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ ထုတ်ပြန်ချက်မှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့လည်း လုံခြုံရေးကောင်စီက တောင်းဆိုထားတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေ အားလုံးကို အဆုံးသတ်ဖို့ တောင်းဆိုထားပြီး ကုလသမဂ္ဂအရာရှိတချို့ကတော့ တပ်မတော်က ရခိုင်မြောက်ပိုင်းက မွတ်ဆလင်တွေကို ဆက်ဆံပုံဟာ လူမျိုးတုန်း ရှင်းလင်းတဲ့ ပုံစံဖြစ်နေတယ်လို့ ကုလသမဂ္ဂ အရာရှိအချို့ကလည်း ပြောဆိုထားတာပါ။ လုံခြုံရေး ကောင်စီ တိုက်တွန်းချက်ထဲမှာ ရခိုင်ပြည်နယ်မှာ စစ်အင်အား အလွန်အကျွံမသုံးဖို့ ဆိုတာလည်း ပါဝင်ပါတယ်။

လုံခြုံရေး ကောင်စီမှာ မြန်မာအရေး ဆုံးဖြတ်ချက်ချဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်က ကန့်ကွက်ခဲ့တာကြောင့် ဥက္ကဌရဲ့ ထုတ်ပြန်ချက်သာ ထွက်ရှိခဲ့တာဖြစ်ပါတယ်။