AA တိုက်ခိုက်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

ဓာတ်ပုံ မူပိုင် Arakan Army Facebook
Image caption ပလက်ဝ အပါအဝင် ချင်းပြည်နယ်က နေရာ တချို့မှာ AA အဖွဲ့ လှုပ်ရှား

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် နှုံးဘူးကြီးရွာနဲ့ ငရှား ကျေးရွာကြား ကုလားတန်မြစ် အတွင်းမှာ ဖြတ်သွားတဲ့ စက်လှေတွေကို ရခိုင့် တပ်မတော် AA က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူပေါင်း ၁၇ ယောက် သေဆုံးခဲ့ပါတယ်။

စစ်သားတွေ လိုက်ပါလာတဲ့ စက်လှေတွေကို တိုက်ခိုက်ရာမှာ အရပ်သား ၃ ယောက်နဲ့ အစိုးရတပ်က စစ်သား ၁၄ ယောက် သေဆုံးခဲ့ပြီး တိုက်ခိုက်တဲ့ AA အဖွဲ့ဖက်ကတော့ သေဆုံးမှု မရှိဘူးလို့ အလောင်းတွေကို ကူညီ သယ်ပေးတဲ့ ပလက်ဝ ဒေသခံလူငယ် အဖွဲ့ တာဝန်ခံ က ဘီဘီစီကို ပြောပါတယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာ ရသူ နောက်ထပ် တစ်ယောက်လည်း ရှိတယ်လို့ သူက ပြောပါတယ်။

တိုက်ခိုက်မှုတွေ မတိုင်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့က အထက် နှုံးဘူးက လူနှစ်ယောက်ကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးချက်ချင်း ပြန်လွှတ် ပေးခဲ့တာ သိရတယ်လို့လည်း ပလက်ဝ ဒေသခံလူငယ် အဖွဲ့က တာဝန်ခံ က ပြောပါတယ်။

ရခိုင်ပြည်နယ်က နေရာ တချို့နဲ့ ပလက်ဝ အပါအဝင် ချင်းပြည်နယ်က နေရာ တချို့မှာ AA အဖွဲ့ လှုပ်ရှားနေတာဖြစ်ပါတယ်။