အပစ်မရပ်တွေ NCA ထိုးဖို့ တရုတ်ပြော

ဓာတ်ပုံ မူပိုင် FPNCC Facebook
Image caption မစ္စတာ ဆွန်းကော်ရှန်ဟာ ယခင်က ကချင် လွတ်မြောက်ရေး တပ်မတော်၊ TNLA/PSLF၊ AAနဲ့ MNDAA တို့ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို တွေ့ဆုံဖူး

NCA မှာ လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့ပါဝင်တဲ့ FPNCC ပြည်ထောင်စု နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှု ကော်မတီ အနေနဲ့ NCA လက်မှတ်ထိုးဖို့အပါအဝင် အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းစဉ် တခုလုံးမှာ ပါဝင်ဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ် မစ္စတာ ဆွန်းကော်ရှန်က တိုက်တွန်းခဲ့ကြောင်း FPNCC မှာ ပါဝင်တဲ့ တအာန်း ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA/PSLF က အထွေထွေ အတွင်းရေးမှူး တာဘုန်းကျော်က ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ဆွန်းကော်ရှန်က ဒီကော်မတီဝင်တွေနဲ့ ယူနန်ပြည်နယ် မြို့တော် ကူမင်းမှာ နိုဝင်ဘာလ ၈ ရက်နေ့ ညနေပိုင်း တွေ့ဆုံမှု အတွင်း အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

FPNCC နဲ့ မတွေ့ခင်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပြီး တပ်မတော် ဘက်က FPNCC ကို အသိအမှတ် မပြုကြောင်းနဲ့ တဖွဲ့ချင်းစီသာ တွေ့နိုင်တယ်ဆိုတဲ့ သဘောထား တွေနဲ့ ပတ်သက်ပြီး FPNCC ကို မစ္စတာ ဆွန်းကော်ရှန်က ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။

FPNCC အနေနဲ့ ပါဝင်တဲ့ တဖွဲ့ချင်းစီ တပ်မတော်နဲ့ အစိုးရတို့နဲ့ တွေ့ဆုံရင် တဖွဲ့တမျိုး မူဝါဒ ကွဲပြားနိုင်တဲ့အတွက် ကော်မတီ အနေနဲ့သာ စုပေါင်း တွေ့ဆုံလိုကြောင်းကိုလည်း မစ္စတာ ဆွန်းကော်ရှန်ကို ပြန်လည် တင်ပြခဲ့ပါတယ်။

ဒီတင်ပြချက်တွေထဲမှာ TNLA/PSLF ၊ ရက္ခိုင့်တပ်မတော် AA နဲ့ MNDAA မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်အဖွဲ့တို့လို ကိုးကန့်ဒေသ တိုက်ပွဲမှာ ပါဝင်တဲ့ အဖွဲ့တွေ အနေနဲ့ တခြား အဖွဲ့တွေ လုပ်စရာ မလိုတဲ့ လက်နက်ကိုင် လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာမှ ပါဝင် ဆွေးနွေးခွင့်ပြုမယ်ဆိုတဲ့ ခွဲခြားဆက်ဆံမှု ရှိတယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ပါဝင်ပါတယ်။

မစ္စတာ ဆွန်းကော်ရှန်ဟာ ယခင်က ကချင် လွတ်မြောက်ရေး တပ်မတော်၊ TNLA/PSLF၊ AAနဲ့ MNDAA တို့ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ကို တွေ့ဆုံဖူးပေမယ့် ၂၀၁၇ အစောပိုင်းမှာ FPNCC အဖြစ် အဖွဲ့ ၇ ဖွဲ့နဲ့ ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပြီး တရုတ် ကွန်မြူနစ် ပါတီအတွင်း နေရာ အပြောင်းအလဲတွေ ဖြစ်စေခဲ့တဲ့ ပါတီကွန်ဂရက် ကျင်းပပြီးနောက်ပိုင်း ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

တရုတ်အနေနဲ့ မြန်မာအစိုးရနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှုတွေ အောင်မြင်ဖို့အတွက် နယ်စပ် ဒေသတလျှောက် နယ်မြေ တည်ငြိမ်ဖို့ အာရုံစိုက်ရမှာဖြစ်ပြီး တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရ တပ်မတော်အကြား ဆွေးနွေးမှု တွေမှာ တရုတ်က မှန်မှန်ကန်ကန် ရပ်တည်မှသာလျှင် ငြိမ်းချမ်းရေးရဖို့ အကျိုးရှိမယ်လို့ ရှမ်းအမျိုးသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးစိုင်းလိတ်က ဘီဘီစီ ကို ပြောပါတယ်။

လတ်တလော အတွင်းမှာတော့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဝ ဒေသ ပန်ဆန်းနယ်ကို သွားရောက်နေပြီး ဝ ပြည် သွေးစည်း ညီညွတ်ရေးတပ်ဖွဲ့နဲ့ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် ကိုးကန့်အဖွဲ့ တို့နဲ့ တွေ့ဆုံဖို့ စီစဉ် ထားတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ