KIA ဖမ်းသွားတဲ့ အဝေးသင်ကျောင်းသားတွေ ပြန်လွတ်လာ

ဓာတ်ပုံ မူပိုင် Waing Maw Resident
Image caption ကေအိုင်အေ ဖမ်းဆီးရာမှ ပြန်လည်လွတ်မြောက်လာသူတွေကို တွေ့ရစဉ်

ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့က စစ်သားအဖြစ် စုဆောင်းသွားတဲ့ အဝေးသင်ကျောင်းသား ၊ ကျောင်းသူ ၂၀ လောက်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဝါရှောင်ကျေးရွာနားက ဂွေယွတ်ယန် ကြိုးတံတားအနီးမှာ ခေတ္တ အပန်းဖြေဖို့ လာရောက်တဲ့ မြစ်ကြီးနား တက္ကသိုလ်က အဝေးသင် ကျောင်းသား ကျောင်းသူတွေဟာ စစ်သားအဖြစ် စုဆောင်း ခံခဲ့ရတာဖြစ်ပါတယ်။

ကေအိုင်အေ တပ်ဖွဲ့ဝင်တွေက အဲဒီနေ့ ညနေ ၄ နာရီလောက်မှာ ကားလမ်းအနီးရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေကို ဖမ်းဆီး စုဆောင်းမှုတွေ လုပ်ခဲ့တာလို့ ဒေသခံအချို့က ဆိုပါတယ်။

စုဆောင်းခံရတဲ့ ကျောင်းသားမိဘတဦးက ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ကို လာရောက်တိုင်ကြားခဲ့တဲ့အတွက် ကေအိုင်အိုဌာနချုပ်လိုင်ဇာကို အကြောင်းကြားပေးခဲ့ပြီးနောက် ကျောင်းသားကျောင်းသူ ၂၀ လောက် ပြန်လွတ်လာခဲ့တာလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့က ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကို ပြောပါတယ်။ ကျောင်းသားမဟုတ်သူတွေကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ပဲ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

အဲဒီဖမ်းဆီးမှုကို ဝိုင်းမော်ဒေသက ရပ်မိရပ်ဖ တချို့ကလည်း ကေအိုင်အေဆီ တိုင်ကြား ပေးခဲ့ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့ အဲဒီကျောင်းသား ကျောင်းသူတွေ ပြန်လည်လွတ်မြောက်လာတော့ သွားရောက်လက်ခံပေးခဲ့တယ်လို့ ဒေသခံ တဦးက ဘီဘီစီကို ပြောပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့ စစ်သားစုဆောင်းမှုတွေမှာ အနည်းဆုံး ၃၀ ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဝိုင်းမော် ဒေသခံက ပြောပါတယ်။

အခုလွတ်မြောက်လာသူအများစုဟာ ကချင်မဟုတ်တဲ့ အခြား တိုင်းရင်းသားတွေဖြစ်တယ်လို့ အဲဒီ ဝိုင်းမော်ဒေသခံက ပြောပါတယ်။

အစိုးရတပ်မတော်ရဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်တဲ့ တိုက်ပွဲတချို့နဲ့ ပတ်သက်လို့ အကြောင်းပြချက်တွေထဲမှာ အခွန်ကောက်ခံမှု ၊ မှောင်ခိုကုန်သွယ်မှု သစ်ထုတ်လုပ်မှု နဲ့ စစ်သားစုဆောင်းမှု စတဲ့ အချက်တွေလည်း ပါဝင်တာပါ။ ကေအိုင်အေနဲ့ စစ်အစိုးရအကြား အပစ်ခတ်ရပ်ခဲ့တဲ့ ၁၇ နှစ်တာ ကာလအတွင်းမှာတော့ ကချင်ပြည်နယ်မှာ အဓမ္မ စစ်သားစုဆောင်းမှုတွေ မရှိခဲ့ပဲ မငြိမ်းချမ်းသရွေ့တော့ တပ်ဖွဲ့ဝင်သစ် စုဆောင်းမှုတွေ ရှိနေဦးမှာ ဖြစ်တယ်လို့ ဦးလမိုင်ဂွန်ဂျာက သုံးသပ်ပါတယ်။

ကေအိုင်အေ အနေနဲ့ စစ်သားစုဆောင်းတယ်ဆိုပေမဲ့ ကျန်းမာရေးစစ်ဆေးပြီးမှ ကောင်းမွန်သူတွေ နဲ့ ကျောင်းသားကျောင်းသူ မဟုတ်သူတွေကိုသာ ကိုသာ တပ်ဖွဲ့အတွင်းမှာ ဆက်ထားလေ့ရှိတယ်လို့ ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။