လျှပ်စစ်မီးရဖို့ ဆန္ဒပြ

Image caption လျှပ်စစ်မီးလင်းရေးနဲ့ ကော်မတီပြန်ဖွဲ့ပေးဖို့ ဒေသခံတွေ ဆန္ဒပြ

မြင်းခြံမြို့ ကန်ရွာမှာ လျှပ်စစ်မီးမရသေးတဲ့အတွက် မီးလင်းရေးကော်မတီကို ပြန်လည်ဖွဲ့စည်းပေးဖို့ ဒေသခံတွေက မြို့ပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်ကတည်းက လျှပ်စစ်မီးရရှိဖို့ မီတာလိုချင်သူတွေဟာ တအိမ်ငါးသိန်း ထည့်ထားခဲ့ရ ပေမယ့် အခုချိန်အထိ မီးမရသေးသူတွေ ရှိနေသေးတဲ့အတွက် မီးလင်းရေးကော်မတီမှာ အလွဲသုံးစားမှုတွေ ရှိတယ်လို့ ဒေသခံတွေက ယူဆထားကြပါတယ်။

မြင်းခြံမြို့မြောက်ဘက်နားက ခေါင်းကွဲကျေးရွာအုပ်စု ကန်ရွာက ဒေသခံ ၁၀ဝကျော်ဟာ ကျေးရွာမီးလင်းရေး ကော်မတီက ငွေစာရင်းတွေ ရှင်းလင်းမပေးမှု၊ ငွေပေးထားပေမယ့် လျှပ်စစ်မီးမရသေးတာတွေနဲ့ ကော်မတီ ပြန်လည်ဖွဲ့စည်းပေးဖို့ တောင်းဆိုချက် ဆိုင်းဘုတ်တွေကိုင်ပြီး မြင်းခြံ ဗောဓိတထောင်ကွင်းကနေ မြို့နယ်လျှပ်စစ်ရုံးထိ ဆန္ဒပြနေကြတာပါ။

ဆန္ဒပြ ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးနေဝင်းက ၂၀၁၀က ငွေငါးသိန်းကျပ် ထည့်ထားပြီး ကတိအတိုင်း မလင်းပေးပဲ ထပ်ပီးငွေတောင်းနေတယ်။သူတို့ရုံးခန်းမှာခေါ်ပြီးတော့ ကိုးသောင်းဆီ ထပ်ပေးဆိုပြီး တောင်းနေလို့ ကျနော်တို့ဆန္ဒပြတာပါ လို့ ပြောပါတယ်။

ဒီလိုကိစ္စတွေကို သက်ဆိုင်ရာ အာဏာပိုင်တတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ကူညီဖြေရှင်းပေးပါ ဆိုပြီးတော့လည်း လျှပ်စစ်မီးမရသေးတဲ့ ကန်ရွာသူရွာသားတွေက ပြောကြပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး မြို့နယ်လျှပ်စစ်ရုံးမန်နေဂျာ ဦးအောင်လွင်က ကန်ရွာကို မီးကြိုးသွယ်တန်းမှုမှာ မူလက ယာခင်းတွေကို ဖြတ်သွယ်ဖို့ ကြိုးစားပေမယ့် ယာခင်းရှင်တွေက ကန့်ကွက်တာကြောင့် ကားလမ်းအတိုင်း သွယ်ရမှာ ဖြစ်ပြီး အကုန်အကျလည်း ပိုများသွားတာရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကန်ရွာဒေသခံတွေက ဖြုတ်ချပြီး အသစ်ဖွဲ့ပေးဖို့ တောင်းဆိုတဲ့ မီးလင်းရေးကော်မတီကို ၂၀၁၀က စဖွဲ့ခဲ့ပြီး ၃နှစ်တကြိမ် အသစ်ပြန်ဖွဲ့ရမယ် ဆိုပေမယ့် ပြန်မဖွဲ့တာကြောင့် ၂၀၁၆ခုနှစ် နိုဝင်ဘာလ ကလည်း ဆန္ဒပြခဲ့ပေမယ့် သက်ဆိုင်ရာက မလုပ်ပေးတာကြောင့် ဒုတိယအကြိမ် ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။