ဒဗ္ဗလင်ဆုကို ပြန်အပ်တဲ့ ဘော့ဘ်ဂဲလ်ဒေါ့ဖ်အကြောင်း

Image caption "တနင်္လာနေ့တွေကို မကြိုက်ဘူး" ဘော့ဘ်ဂဲလ်ဒေါ့ဖ်

အိုင်းရစ်ရှ် အဆိုတော် ဘော့ဘ်ဂဲလ်ဒေါ့ဖ်က သူ ရရှိထားတဲ့ ဒပ်ဘလင်မြို့တော် လွတ်လပ်ရေး ဆိုတဲ့ ဂုဏ်ထူးဆောင်ဆုကို ဒေါ်အောင်ဆန်းစုကြည် အပေါ် ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ ပြန်အပ်တာမျိုး ပြုလုပ် လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီ ဂုဏ်ထူးဆောင်ဆု ရရှိ ထားတာ ဖြစ်ပါတယ်။

ဒပ်ဘလင်မြို့တော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဒီဆုနဲ့ ပတ်သက်ပြီး အဆက်အစပ် ရှိနေတာ ကျုပ်တို့ အားလုံး အရှက်ရစေတယ် ဆိုပြီး မစ္စတာ ဂဲလ်ဒေါ့ဖ်က ပြင်းပြင်းထန်ထန် ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးရေး သုတ်သင်ရှင်းလင်း ခံနေရတယ် ဆိုတဲ့ စွပ်စွဲမှုတွေ အပေါ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကိုင်တွယ် ဖြေရှင်းဖို့ ပျက်ကွက် နေလို့ ဆိုပြီး နိုင်ငံတကာမှာ ဝေဖန်သံတွေ အကြီးအကျယ် ထွက်ပေါ် နေပြီး၊ အခု မစ္စတာ ဂဲလ်ဒေါ့ဖ်လည်း ဝေဖန်သူတွေထဲ ပါဝင် လာတာ ဖြစ်ပါတယ်။

Image caption အီသီယိုပီးယား အငတ်ဘေးဟာ ဂဲလ်ဒေါ့ဖ်အပေါ် အင်မတန် ရိုက်ခတ်ခဲ့

ဂဲလ်ဒေါ့ဖ်ရဲ့ ဂီတခရီး နောက်ကြောင်း

နိုင်ငံတကာ မျက်နှာစာမှာ ဘော့ဘ်ဂဲလ်ဒေါ့ဖ် နေရာရလာခဲ့တာ ဆယ်စုနှစ် တချို့ ရှိပါပြီ။ ဂီတပညာရှင် တစ်ဦးထက် သူ့ရဲ့ လူသား အကျိုးပြု ပရဟိတ လုပ်ငန်းတွေ အတွက် ပို လူသိ များကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် စကားကို အင်မတန် ပွင့်ပွင့်လင်းလင်း ပြောတတ်သူ အဖြစ်လည်း ကျော်ဇော ပါတယ်။

ဘော့ဂဲလ်ဒေ့ဖ်နဲ့ သူ့ရဲ့ ဂီတဝိုင်း The Boomtown Rats တို့ဟာ ၁၉၈၀ ပြည့်နှစ်မှာ၊ "တနင်္လာနေ့တွေကို မကြိုက်ဘူး" ဆိုတဲ့ သီချင်းနဲ့ ဗြိတိန်မှာ အရောင်းရဆုံး ဇယားရဲ့ ထိပ်ကို ရောက်ခဲ့ပါတယ်။ အဲဒီ သီချင်းတစ်ပုဒ်ပဲ အကြီးအကျယ် ပေါက်ခဲ့တာပါ။

နှစ်တချို့ အကြာမှာတော့၊ ရုပ်မြင်သံကြားကနေ တွေ့ခဲ့ရတဲ့ အီသီယိုပီးယား အငတ်ဘေး သတင်းဟာ ဂဲလ်ဒေါ့ဖ်အပေါ် အင်မတန် ရိုက်ခတ်ခဲ့ပါတယ်။

မိုးခေါင်ရေရှား ကပ်ဆိုက်နေတဲ့ အီသီယိုပီးယားမှာ ငတ်မွတ်ခေါင်းပါးတဲ့ ဒဏ်ကြောင့် လူတွေ သန်းပေါင်းများစွာ သေဆုံး ရနိုင်တဲ့ အန္တရာယ် ကျနေပြီ ဆိုတဲ့ သတင်းပါ။

Image caption ဘော့ဘ်ဂဲလ်ဒေါ့ဖ် စီစဉ်တဲ့ ရံပုံငွေပွဲတော် အောင်မြင်

အဲဒီ အငတ်ဘေးကို ကူညီ ဖြေရှင်းဖို့ ဆိုပြီး ၁၉၈၄ မှာ ဂဲလ်ဒေါ့ဖ်ဟာ ဗြိတိသျှ ပေါ့ပ် အဆိုတော်တွေကို စည်းရုံးပြီး "အိပ်မက်အသင်း" ဆိုပြီး ဖွဲ့ပါတယ်။ ပြီးတော့ … "ဒါ ခရစ္စမတ်စ် အချိန်ဆိုတာ သူတို့ သိများ သိရဲ့လား" ဆိုတဲ့ သီချင်းကို ထုတ်လုပ် ခဲ့ပါတယ်။ အဲဒီ သီချင်းကနေ ရတဲ့ ငွေတွေကို အီသီယိုပီးယား အငတ်ဘေး ပြဿနာကို လှူဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ဒီလို အာဖရိကတိုက် အကူအညီပေးရေး ပရဟိတ ဆောင်ရွက်မှုတွေကြောင့် သူ့ကို စိန့်ဘော့ဘ်၊ သူတော်စင်ဘော့ဘ် ဆိုပြီး ရည်ညွှန်း ခေါ်လာကြပါတယ်။

၁၉၈၅ မှာ ဂဲလ်ဒေါ့ဖ်ဟာ ဂီတသမိုင်းတလျှောက် အအောင်မြင်ဆုံး ရံပုံငွေပွဲ တစ်ခုကို စီစဉ် နိုင်ခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကျော် Live Aid ဂီတပွဲတော် ဖြစ်ပြီး ၁၆ နာရီ ဆက်တိုက် အဆိုကျော်ပေါင်းစုံက သီဆို ဖျော်ဖြေကြတဲ့ မာရသွန် စတိတ်ရှိုး ဖြစ်ပါတယ်။ တနှစ်တည်းမှာပဲ Band Aid နာမည်နဲ့ ပရဟိတ ရံပုံငွေ အဖွဲ့ကိုလည်း တည်ထောင် ခဲ့ပါတယ်။

ဂဲလ်ဒေါ့ဖ် ဦးစီးတဲ့ အဲဒီ Live Aid ဂီတပွဲတော် လှုပ်ရှားမှုဟာ ကမ္ဘာ့တိုက်ကြီး နှစ်ခုမှာ လုပ်ဆောင် ခဲ့တာ ဖြစ်ပြီး လန်ဒန်ပွဲနဲ့ အမေရိကန် ဖီလာဒဲဖီယားမြို့ ဂီတပွဲ ဆိုပြီး နှစ်ပွဲ ကျင်းပ ခဲ့ပါတယ်။ ရုပ်သံကနေ ကြည့်သူပေါင်း တကမ္ဘာလုံးမှာ သန်း တစ်ထောင့်ငါးရာ အထိ ရှိပါတယ်။

ပါဝင် သီဆိုကြသူတွေထဲ အဲဒီ အချိန်က ထိပ်သီး အဆိုတော်တွေ ဖြစ်တဲ့ Queen၊ Led Zeppelin၊ U2၊ Madonna နဲ့ Phil Collins တို့ ပါဝင်ပါတယ်။

Image caption ဘဝလှိုင်းဒဏ် ပြင်းထန်ခဲ့သူ

ဂဲလ်ဒေါ့ဖ် ပုဂ္ဂလိက ဘဝ

၁၉၅၄၊ အောက်တိုဘာ ၅ ရက်နေ့မှာ ဒပ်ဘလင်နယ်ထဲက Dún Laoghaire ဆိုတဲ့ ဆိပ်ကမ်းမြို့မှာ ဂဲလ်ဒေါ့ဖ်ကို မွေးပါတယ်။ ဖခင်က နယ်လှည့်အရောင်းသမား တစ်ယောက် ဖြစ်ပြီး၊ ဂဲလ်ဒေါ့ဖ် ၇ နှစ် အရွယ်မှာ မိခင် ဖြစ်သူ ကွယ်လွန် ခဲ့ပါတယ်။ အမေ ဆုံးရှုံးခဲ့ရတဲ့ အဖြစ်ဟာ သူ့ဘဝအပေါ် ပြင်းပြင်းထန်ထန် ရိုက်ခတ်တယ်၊ လွှမ်းမိုးတယ်လို့ ဂဲလ်ဒေါ့ဖ် တစ်ယောက် ပြောလေ့ ရှိပါတယ်။

၁၉၉၅ မှာ ဇနီးသည် ပေါ်လာ ယိတ်စ်က သူ့ကို စွန့်ခွာပြီး ဩစတြေးလျ ဂီတသမား တစ်ယောက် နောက်ကို ပါသွားပါတယ်။ သားသမီး ၃ ယောက်ကို အုပ်ထိန်းခွင့်ရဖို့ တရားတဘောင်တွေ အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ပေါ်လာလိုက်သွားခဲ့တဲ့ ဩစတြေးလျ ဂီတသမား Michael Hutchence တစ်ယောက် နောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားပါတယ်။

ပေါ်လာယိတ်စ်လည်း ၂ဝဝဝ ပြည့်နှစ်မှာ မူးယစ်ဆေး အသုံးလွန်ပြီး သေဆုံး သွားပါတယ်။

ဂဲလ်ဒေါ့ဖ်ဟာ သူနဲ့ ပေါ်လာတို့ရဲ့ သားသမီး ၃ယောက်ကိုရော၊ ပေါ်လာနဲ့ မိုက်ကယ်တို့ရဲ့ သမီးကိုပါ တစ်ယောက်တည်း တာဝန်ယူ ပြုစု ပျိုးထောင် ခဲ့ပါတယ်။

၂ဝဝ၄ ခုနှစ်မှာတော့ ဂဲလ်ဒေါ့ဖ်ရဲ့ သမီး Peaches အသက် ၂၅ နှစ် အရွယ်မှာ ကွယ်လွန် သွားပါတယ်။

၂ဝဝဝ ပြည့်ကျော်နှစ်တွေမှာ ဂဲလ်ဒေါ့ဖ်ဟာ သူ့ရဲ့ ပရဟိတ အလုပ်တွေကို အာရုံစိုက် လုပ်နေခဲ့ပြီး၊ နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် မကြာခန ဇကာတင် စာရင်းထဲ ပါဝင် ခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဝေဖန်မှုတွေခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်

.