အာဆီယံ ထုတ်ပြန်ချက် မူကြမ်းထဲ ရိုဟင်ဂျာအရေး ချန်လှပ်ထား

Image caption ထုတ်ပြန်ချက် မူကြမ်းကို အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်က ရေး

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ အာဆီယံ ရဲ့ ထိပ်သီး အစည်းအဝေးကနေ ညီလာခံ အဆုံးသတ် ထုတ်ပြန်လာမယ့် ကြေညာချက် မူကြမ်းထဲ ရိုဟင်ဂျာ အရေး မပါဝင်ဘူး ဆိုပြီး နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ နေပါတယ်။

ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာ မွတ်ဆလင်တွေ သိန်းနဲ့ချီပြီး အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့တဲ့ ဖြစ်ရပ်ကို အဲဒီမူကြမ်းထဲ ထည့်သွင်း မထားဘူးလို့ မူကြမ်းကို ကြည့်ရှုခဲ့တဲ့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

ညီလာခံ အဆုံးသတ် ထုတ်ပြန်ချက် မူကြမ်းကို အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ရေးရတာ ဖြစ်ပါတယ်။

Image caption တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး ဆိုတဲ့ အာဆီယံမူကို လက်ကိုင်ထား

ရခိုင်မြောက်ပိုင်းမှာ သက်ရောက် ရိုက်ခတ်ခံရတဲ့ လူမှုအသိုင်းအဝိုင်း အားလုံး အတွက် လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ အရေးကြီးတယ် လို့တော့ မူကြမ်းထဲ ရေးထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာ အချက်အလက်တွေ မပါဝင်သလို၊ "ရိုဟင်ဂျာ" ဆိုတဲ့ ဝေါဟာရကိုလည်း မသုံးနှုန်းပဲ ရှောင်ကြဉ် ထားပါတယ်။

ဩဂုတ်လ နှောင်းပိုင်း ဖြစ်ပေါ် ခဲ့တဲ့ အာဆာ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ နောက်ပိုင်း အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ရေး တုံ့ပြန် ဆောင်ရွက်မှုတွေကြောင့် ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေး ခဲ့ရတယ်လို့ ကုလသမဂ္ဂ စာရင်းဇယားတွေက ဖော်ပြနေပြီး၊ ရိုဟင်ဂျာတွေ အပေါ် ပစ်မှတ်ထား ကျူးလွန် တာတွေဟာ လူမျိုးရေး ရှင်းလင်းမှု အခြေအနေမြောက်တဲ့ အထိ ဖြစ်နိုင်တယ်လို့ ပြင်းပြင်ထန်ထန် စွပ်စွဲ ဝေဖန် နေပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဒုက္ခသည်စခန်းမှာ မွေးတဲ့ ဒုက္ခသည်ကလေး

အခု အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ မွတ်ဆလင် အများစု နိုင်ငံဖြစ်တဲ့ မလေးရှားလို နိုင်ငံမျိုးက ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆို ခဲ့ပေမယ့် တနိုင်ငံရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံက ဝင်မစွက်ရေး ဆိုတဲ့ အာဆီယံမူကို လက်ကိုင်ထားလို့ ရိုဟင်ဂျာ အရေးကို မထည့်သွင်းတာ ဖြစ်နိုင်တယ်လို့ သတင်းထောက်တွေက သုံးသပ် ကြပါတယ်။

တနိုင်ငံရဲ့ ပြည်တွင်းရေး မူကို ဝင်မစွက်ရေး အာဆီယံမူ အပေါ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကန့်ကွက် ဝေဖန် ခဲ့ဖူးတယ် ဆိုပြီး ထိုင်းနိုင်ငံမှာ အင်္ဂလိပ်ဘာသာနဲ့ နေ့စဉ် ထုတ်ဝေတဲ့ နေးရှင်း သတင်းစာမှာ ၁၉၉၉ ခုနှစ် တုန်းက ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့တဲ့ ဆောင်းပါးကို ရည်ညွှန်းပြီး ဝေဖန်သူတချို့က ထောက်ပြ နေကြပါတယ်။

အဲဒီ ဆောင်းပါးထဲ ဒေါ်အောင်ဆန်းစုကြည်က "ဝင်ရောက် မစွက်ဖက်ရေး မူဝါဒဆိုတာ အကူအညီ မပေးဘူး ဆိုတာရဲ့ အကြောင်းပြချက်သာ ဖြစ်တယ်၊ ဒီနေ့ခေတ် အချိန်ကာလမှာ တခြား တိုင်းပြည်တွေရဲ့ အရေးကို ရှောင်လွှဲနေဖို့ ဆိုတာ မဖြစ်နိုင်ဘူး" ဆိုပြီး ရေးသား ထားပါတယ်။