ကျုံပျော်ကအဖွဲ့ကို ခရစ်ယာန်အသင်းချုပ် ကန့်ကွက်

ဓာတ်ပုံ မူပိုင် FACEBOOK
Image caption အစ်မဖြစ်သူက အိမ်ပြန်ဖို့ လာခေါ်တာကို အသင်းသားတဦးက ခါးခါးသီးသီး ငြင်းဆန်နေတဲ့ ဗီဒီယိုပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်နှံ့သွားခဲ့

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် လှည်းဆိပ် ကျေးရွာက ခရစ်ယာန် ဘာသာရေး အဖွဲ့အစည်း နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန် အသင်းချုပ်နဲ့ ခရစ်ယာန် အသင်းတော်များ ကောင်စီ ကန့်ကွက်စာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအဖွဲ့ လုပ်ဆောင်နေတာတွေကလည်း ခရစ်ယာန် ဘာသာဝင်တွေရဲ့ လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်းတွေနဲ့ မကိုက်ညီဘူး ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကောင်းကင်သစ် ဆိုတဲ့ အဲဒီ ခရစ်ယာန် ဘာသာရေးအဖွဲ့ဟာ လူငယ်တွေကို စည်းရုံး သိမ်းသွင်းပြီး လိင်ပိုင်းဆိုင်ရာ မလျော်မကန် ပြုမူတာတွေ ရှိနေတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ဒီအဖွဲ့ကို စင်္ကာပူနိုင်ငံသား ခံယူထားတဲ့ ကရင်ခရစ်ယာန်တစ်ဦးက ထူထောင် ထားတာပါ။

ကောင်းကင်သစ် ဘာသာရေးအဖွဲရဲ့ ခြံဝင်းကျယ်ကြီးထဲမှာ အဖွဲ့ဝင် လူ ၂၀၀ လောက်နေထိုင်ပြီး ဘာသာရေး သင်တန်းကျောင်းမှာ တက်နေသူက အယောက် ၁၀၀ လောက်ရှိပါတယ်။

ဒီထဲက သင်တန်းသားတချို့ကို မိသားစုက လာခေါ်တဲ့အခါ သင်တန်းက ပေးမလွှတ်တာတွေ ရှိပြီး ရဲစခန်းမှာ သွားရောက် တိုင်ကြားမှ ပြန်လွှတ်တာမျိုးတွေ ရှိတယ်လို့ အဲဒီအသင်းကနေ လွတ်မြောက်လာသူက ပြောပါတယ်။

အဲဒီအသင်းကနေ ထွက်ပြေးလာတဲ့ ကိုကျော်ဝင်းအောင် ဟာ သူငယ်ချင်း တယောက်ရဲ့ အဆက်အသွယ်နဲ့ ကောင်းကင်သစ်အဖွဲ့ကို ရောက်လာပြီး အဲဒီမှာ ၄၅ ရက်ကြာ ဘာသာရေး သင်တန်း တက်ခဲ့ဖူးသူ ဖြစ်ပါတယ်။

အစ်မဖြစ်သူက အိမ်ပြန်ဖို့ လာခေါ်တာကို ခါးခါးသီးသီး ငြင်းဆန်နေတဲ့ ဗီဒီယိုပုံတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာ ပြန့်နှံ့သွားခဲ့ရာကနေ ဒီအသင်းအကြောင်း ဟိုးလေးတကျော် ဖြစ်သွားခဲ့တာပါ။

အဲ့ဒီ့နောက်မှာ ကိုယ့်သဘောနဲ့ကိုယ် အိမ်ပြန်ချင်တဲ့အတွက် ပြန်ထွက်ပြေးလာခဲ့တဲ့ ကိုကျော်ဝင်းအောင်ဟာ ရွာရောက်အပြီး ရွာဘုန်းကြီးကျောင်းမှာ အခုအခါ ကိုရင်စည်းပြီး ရဟန်းဘောင်ထဲ ဝင်နေပါတယ်။

အဲဒီအဖွဲ့ထဲမှာ ရှိနေတုန်းက အပြင်ထွက်ခွင့် မရပဲ မိသားစု ဆွေမျိုးတွေနဲ့ အဆက်ဖြတ်တာ ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ရဲ့ ဘုရားဝတ်ပြုတာ၊ ဘာသာရေး အခမ်းအနား လုပ်တာတွေကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ကန့်သတ်ထားတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး သာသနာရေးနဲ့ စည်ပင်ဝန်ကြီး ဦးကျော်မြင့်က ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာတော့ ဒီအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ ဘာသာရေးအရ အဓမ္မလား၊ ဓမ္မလား ခွဲခြားနိုင်ဖို့ ခရစ်ယာန် အသင်းတော်တွေက လာရောက် စစ်ဆေးနေပြီး တွေ့ရှိချက်တွေကို သာသနာရေး ဌာနကို တင်ပြပြီး အရေးယူ ဆောင်ရွက်မှုတွေ ဆက်လုပ်မယ်လို့ တိုင်းသာသနာရေးဝန်ကြီးက ပြောပါတယ်။