ဦးပါမောက္ခကို အင်းစိန်ထောင်ပို့

ဓာတ်ပုံ မူပိုင် Sithu Myint Facebook
Image caption ၅၀၅ ခ အတွက်တော့ အာမခံမရ

ပုဒ်မ ၂ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးပါမောက္ခကို အင်္ဂါနေ့က ကမာရွက်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီးတော့ အင်းစိန်ထောင်ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲတဲ့ ၂၀၁၆ ခုနှစ်က အမေရိကန်သံရုံးရှေ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ခွင့်ပြုချက်မယူပဲ ဆန္ဒပြခဲ့တာကြောင့် ဦးပါမောက္ခကို လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ခ နဲ့ပါ တရားစွဲဆို ထားပါတယ်။

ပုဒ်မ ၁၉ အတွက် မြို့နယ်တရားရုံးက အာမခံပေးပေမယ့် ၅၀၅ ခ အတွက်တော့ အာမခံမရတာကြောင့် အနောက်ပိုင်း ခရိုင်တရားရုံးမှာ အာမခံရဖို့ ထပ်ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆရာတော်အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်မိုးမိုးအေးက ပြောပါတယ်။

ဒါ့အပြင် ဒီအမှုကို တရားဥပဒေဘောင်အတွင်းကနေ ဆက်လက် ရင်ဆိုင်သွားမယ်လို့လည်း ဆိုပါတယ်။

ဆရာတော် ဦးပါမောက္ခကို နိုဝင်ဘာလ ၁၂ ရက်နေ့က ဒဂုံမြို့သစ် မြောက်ပိုင်း ရဲစခန်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။