တေလာဆင်ရဲ့ မြန်မာ ခရီးစဉ်အတွင်း ရခိုင်အရေး ဆွေးနွေးဖွယ်ရှိ

ဓာတ်ပုံ မူပိုင် Andrew Harrer / POOL
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson

မြန်မာ နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးသွားသူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်လို့ နိုင်ငံတကာက စွပ်စွဲ ပြောဆိုနေချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ဟာ မြန်မာနိုင်ငံကို လာရောက်တော့မှာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ မွတ်ဆလင်တွေ အပေါ် တပ်မတော် က ပြုမူပုံတွေနဲ့ ပတ်သက်လို့ စစ်ဘက်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို အမေရိကန် ဘက်က အခုလ အစောပိုင်းမှာပဲ ပြန်လည် ချမှတ် ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ တေလာဆင် ရောက်လာတဲ့အခါ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲ ရခိုင် ပြဿနာက မပါမဖြစ် ကိစ္စတရပ် ဖြစ်ပြီး ပိုမိုကျယ်ပြန်ံတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ် အတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေနဲ့ လွှတ်တော် အသီးသီးတို့ရဲ့ လုပ်ဆောင်ချက်တွေ ပါ၀င်နိုင်တယ်လို့ ရန်ကုန် နိုင်ငံရေး သိပ္ပံကျောင်းရဲ့ ဥက္ကဌ ဦးမြတ်သူ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ဖက်ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ အရေးနဲ့ ပတ်သက်လို့ အရပ်သား အစိုးရကိုကော တပ်မတော်ကိုပါ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ ပြောဆိုသွားမယ်လို့ ခန့်မှန်းရကြောင်း သူက ဆိုပါတယ်။

ဖြစ်ရပ်မှန် ငြင်းပယ်မှုကို နိုင်ငံတကာက လက်ခံလေ့ မရှိဘဲ ၊ သူတို့ဆီမှာ ခိုင်မာတဲ့ အထောက်အထားတွေ ရှိနိုင်သလို လက်ရှိ အခြေအနေမှာ မြန်မာ အစိုးရက ရခိုင်ဒေသဆီ နိုင်ငံတကာက လေ့လာသူတွေကို ၀င်ခွင့် မပေးဘဲ ၊ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ ပြောနေပြီး တကယ်လို့ အဲလို မရှိတာ သေချာရင် Fact Finding Mission ကို ၀င်ခွင့်ပေးလိုက်ဖို့ ဦးမြတ်သူ က ပြောပါတယ်။

အမေရိကန် သမ္မတ ထရမ့် လက်ထက်မှာ အိုဘားမား လောက် ထဲထဲဝင်ဝင် မြန်မာ့ အရေးကို စိတ်၀င်စားတာ မတွေ့ရဘဲ လွှတ်တော် အမတ် တချို့လောက်သာ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ကိစ္စတွေကို ပြောဆိုနေတယ် လို့ ဦးမြတ်သူ က ဆိုပါတယ်။