ပလက်ဝတိုက်ပွဲကြောင့် ဒုက္ခသည်တွေတိုးလာ

ဓာတ်ပုံ မူပိုင် Kyaw Moe Htun
Image caption ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ နို၀င်ဘာလ ၉ရက်နေ့ကတည်းက အစိုးရတပ်နဲ့ AA ရခိုင်တပ်တွေ တိုက်ပွဲဖြစ်

ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ နို၀င်ဘာလ ၉ရက်နေ့ကတည်းက အစိုးရတပ်နဲ့ AA ရခိုင်တပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် အဲဒေသက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

အခုနောက်ဆုံးအခြေအနေအရ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်းနဲ့ ဒီလို ထွက်ပြေးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးလည်း စိတ်ပူနေရတယ်လို့ ပလက်ဝ လူမှုကူညီရေး ကော်မတီက ကိုကျော်ခင်က ဘီဘီစီကို ပြောပါတယ်။

လက်ရှိ စစ်ဘေးရှောင် ဒေသခံတွေအတွက် အကူအညီတွေကို တောင်းခံထားပေမဲ့ ပလက်ဝအထိ မရောက်လာသေးဘူးလို့လည်း သူက ဆိုပါတယ်။

ဒီလို တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကလည်း စစ်ပွဲတွေ ရပ်ဖို့ တောင်းဆိုနေကြပါတယ်။

ချင်ပြည်နယ် တောင်ပိုင်း ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ် နယ်နိမိတ်နဲ့ ထိစပ်နေပြီး အခုတိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာက ဒေသခံတွေဟာ ကုလားတန်မြစ် အထက်ပိုင်း ရှင်းလက်ဝနဲ့ ပြိုင်ကင်းဝ တို့အထိ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ နယ်မြေခံတွေက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည် အများစုဟာ ချင်းလူမျိုးဖြစ်ပါတယ်။

ဒေသခံတွေ ထွက်ပြေးနေရတာကြောင့် လက်နက်နဲ့ မဖြေရှင်းသင့်ပဲ နိုင်ငံရေးအရ သာဖြေရှင်းသင့်တယ်ဆိုတဲ့ အကြောင်းနဲ့ အပစ်အခတ် ရပ်စဲဖို့ လိုလားကြောင်းကို ငြိမ်းချမ်းရေး အတွက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းက ပလက်ဝမြို့နယ် ကိုယ်စားလှယ် မိုင်အောင်မဖြူက ဘီဘီစီကို ပြောပါတယ်။

ဒီလိုဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူလူထုဟာ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့လဲ သူက ပြောခဲ့ပါတယ်။