နယ်စပ် ရာဇဝတ်မှုအရေး ထိုင်းမြန်မာ ဆွေးနွေး

Image caption မြို့နယ်အဆင့် နယ်ခြား ကော်မတီ အစည်းအဝေးကို မဲဆောက်မြို့မှာ ကျင်းပ

ထိုင်း မြန်မာ နယ်စပ် ကင်းလှည့်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး၊ ရာဇ၀တ်မှုနဲ့ တိမ်းရှောင်သူ တွေကို အပြန်အလှန် ပြန်ပို့ရေး စတာတွေနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၇ရက်နေ့က မဲဆောက်မြို့မှာ ကျင်းပတဲ့ TBC မြို့နယ်အဆင့် နယ်ခြား ကော်မတီ အစည်းအဝေးမှာ တံခါးပိတ် ဆွေးနွေးခဲ့ကြ ပါတယ်။

အခု နှစ်ဆန်းပိုင်းတုံး ကတော့ ထိုင်းနဲ့ မြန်မာ အခုလို သဘောတူညီချက် မရှိသေးပေမဲ့ ထိုင်းနိုင်ငံမှာ မြန်မာ အလုပ်သမားတွေ အပါအဝင် ထိုင်းလူမျိုးတွေကိုပါ သတ်တဲ့အမှုနဲ့ မြန်မာနိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ထိုင်းဆရာ၀န်ကို မြ၀တီ၊ မဲဆောက် TBC က တဆင့် မြန်မာနိုင်ငံက တာ၀န်ရှိသူတွေက ထိုင်းဖက်ကို လွှဲပေးခဲ့ဘူးပါတယ်။

အခုတော့၊ နှစ်နိုင်ငံဖက်က ရာဇ၀တ်မှုနဲ့တိမ်းရှောင်သူတွေကို အပြန် အလှန် လွှဲပေးဖို့ ဖြစ်လာတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ တာခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြ၀တီခရိုင် နယ်စပ်တလျှောက်မှာ နှစ်နိုင်ငံ လုံခြုံရေးအတွက် ပူးတွဲကင်းလှည့်ဖို့၊ သောင်းရင်းမြစ် ရေကြောင်း မပြောင်းအောင် မြစ်အတွင်း စည်းကမ်းမဲ့ သဲစုပ်မှုတွေ တားမြစ်ဖို့ စတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။