ပထမဆုံးလမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲလုပ်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း စီစဉ်ထားပြီး အကြီးတန်းနဲ့ အငယ်တန်း ၂ တန်းခွဲပြီး ကျင်းပခဲ့

နိုဝင်ဘာလ ၁၈ ရက်နေ့က မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် နေကာတောင်တန်းပေါ်က တောလမ်းမှာ မြန်မာနိုင်ငံအတွက် ပထမဆုံး လမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ ပြုလုပ်ခဲ့ပြီး လာရောက်ကြည့်ရှုသူ ပရိသတ် ထောင်ချီရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကို နေကာတောင်တန်း တောင်ခြေမှာရှိတဲ့ မန္တလေး-မေမြို့ ဖောက်လက်စ ကားလမ်း လေးမိုင်နဲ့ ရွာနှစ်ရွာကို ဖြတ်သွားတဲ့ ဆယ်မိုင်ရှိတဲ့ တောလမ်းမှာ ပြုလုပ်တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မန္တလေးမြို့အပါအဝင် တာချီလိတ်၊ လားရှိုးမြို့တွေကလာတဲ့ ပါဝင်သူ ၈၄ ယောက် ရှိခဲ့ပါတယ်။

ဒီပြိုင်ပွဲကို နိုင်ငံတကာ လမ်းကြမ်း ဆိုင်ကယ်စီးပြိုင်ပွဲ ဝင်နိုင်သူတွေ ထွက်လာဖို့အတွက် နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း စီစဉ်ထားပြီး အကြီးတန်းနဲ့ အငယ်တန်း ၂ တန်းခွဲပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption မန္တလေးမြို့အပါအဝင် တာချီလိတ်၊ လားရှိုးမြို့တွေကလာတဲ့ ပါဝင်သူ ၈၄ ယောက် ရှိခဲ့

ဒီပြိုင်ပွဲအတွက် ဆုကြေးကို ၄ သိန်းကနေ ၇ သောင်းအထိ အဆင့် ငါးဆင့်ကို ချီးမြှင့်မှာ ဖြစ်ပြီး ပြိုင်ပွဲဝင်သူတိုင်းအတွက်လည်း ကံစမ်းမဲ အစီအစဉ် ပါဝင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲအတွက် တလလောက် လေ့ကျင့်ခဲ့ရပြီး ပုံမှန် တနာရီမောင်းရမယ့်လမ်းကို ၂၅ မိနစ်လောက်နဲ့ ရောက်အောင် မောင်းရတာ ဖြစ်တယ်လို့ ပြိုင်ပွဲဝင် တဦးဖြစ်သူ ကိုအောင်ပိုင်စိုးက ဘီဘီစီကို ပြောပါတယ်။

ဒီပြိုင်ပွဲလမ်းကြောင်းတလျှောက် မကြည့်နိုင်တဲ့ ပရိသတ်အတွက်လည်း ပွဲစီစဉ်သူတွေက ဖန်တီးထားတဲ့ လမ်းကြမ်းပုံသဏ္ဍန် ဆိုင်ကယ်စီးကွင်းမှာ ပြိုင်ပွဲဝင်တွေက စီးပြခဲ့ကြပါတယ်။

ဒီနှစ် ရလဒ်အခြေအနေတွေကို ကြည့်ပြီး နောက်နှစ်တွေမှာလည်း ဆက်လုပ်သွားဖို့ ရည်မှန်းထားကြောင်း ပြိုင်ပွဲစီစဉ်သူ Mandalay Free Rider အုပ်စုက ကိုအောင်ဝင်းထွန်းက ဘီဘီစီကို ပြောပါတယ်။