မြန်မာ နိုင်ငံကို ကူညီရေး ယွမ် ၃၃ သန်း တရုတ်ပေး

ဓာတ်ပုံ မူပိုင် MOI
Image caption ခိုင်ပြည်နယ်အရေးကိစ္စမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် တရုတ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းပြောကြား

အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ နေပြည်တော်ကို ဒီကနေ့မှာ ရောက်လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ နိုင်ဝင်ဘာ ၁၉ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းစာရှင်းလင်းပွဲကို မီဒီယာအကန့်အသတ်နဲ့ ဖိတ်ကြားခဲ့တာဖြစ်ပြီး နိုင်ငံပိုင်မီဒီယာနဲ့ တရုတ်မီဒီယာတချို့ပဲ တက်ရောက်ခွင့်ရခဲ့တာပါ။

သတင်းစာရှင်လင်းပွဲမှာတော့ ခေါင်းဆောင်(၂)ဦးဟာ ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တွေနဲ့ ပတ်သက်လို့ အဓိကထားပြောခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် တရုတ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်းနဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တရုတ်အစိုးရက ကူညီထောက်ပံ့မှုတွေလုပ်မယ်ဆိုတဲ့ ကတိကဝတ်တွေ ပေးခဲ့ပါတယ်။

မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံကို မလာခင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားခဲ့ပြီး လက်ရှိ ရခိုင်ပြည်မြောက်ပိုင်းပြဿနာတွေ လျော့ကျသွားအောင် တရုတ်က အကူအညီပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။

ခရီးစဉ်အတွင်း ဝမ်ယီဟာ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသဖွံဖြိုးရေးနဲ့ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် ကူညီထောက်ပံ့ငွေ တရုတ်ယွမ်ငွေ ၃၃ သန်းကျော် ပေးခဲ့ပါတယ်။

ကျေးလက်ဒေသ လမ်း ရေ မီး ပညာရေး ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး စတဲ့ ကဏ္ဍတွေ ဖွံဖြိုးတိုးတက်ရေးလုပ်မှာ ဖြစ်ပြီး နေပြည်တော် လယ်ဝေးနဲ့ တပ်ကုန်းထဲက ရွာ(၂)ရွာမှာ လုပ်ငန်းတွေ စလုပ်မယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က ပြောပါတယ်။

Image caption နယ်ခြား ခြံစည်းရိုးနား ကင်းလှည့်နေတဲ့ မြန်မာရဲတွေ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပူးတွဲ သတင်းစာ ရှင်လင်းပွဲမှာတော့ ရခိုင်အရေးကိစ္စနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းနေတာတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထောက်ခံပေးဖို့ စတဲ့အချက်တွေကို ပြောခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ တက်ခဲ့သူတွေက ပြောပါတယ်။ ရှင်းလင်းပွဲမှာ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တော့ ခေါင်းဆောင် (၂)ဦးလုံးက ဖွင့်ဟ ပြောခဲ့တာ မရှိဘူးလို့ ပြောကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ မစ္စတာဝမ်ယီဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့စဉ်မှာ တရုတ်-မြန်မာ (၂)နိုင်ငံဟာ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်ရဲ့ ရပ်ဝန်းလမ်းကြောင်း စီမံကိန်း၊ မြန်မာ့ ငြိမ်းချမ်းရေး ဖြစ်စဉ် နဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မစ္စတာ ဝမ်ယီဟာ ဒီကနေ့မှာပဲ နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးခြားစီ တွေ့ခဲ့ပေမယ့် ဘာတွေ ဆွေနွေးခဲ့သလဲဆိုတာတော့ အခုထိ မထုတ်ပြန်သေးပါဘူး။ (၂) ရက်ကြာ မြန်မာနိုင်ငံခရီးစဥ ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မနက်ဖြန်မှာတော့ နေပြည်တော်မှာ လုပ်နေတဲ့ အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။