နှစ်ဘက်အကျိုးရှိမှ ငြိမ်းချမ်းရေးအောင်မြင်မယ်

Image caption နိုဝင်ဘာလ ၂၀ ရက်နေ့က ကျင်းပတဲ့ JMC-U အစည်းအဝေးမြင်ကွင်း

ညှိနှိုင်းဆွေးနွေး အဖြေရှာမှုရဲ့ သဘောသဘာဝအရ အပေးအယူ ဆိုတာ ရှိတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ် မှာ Win- Win လို့ ခေါ်တဲ့ နှစ်ဘက်အကျိုးရှိတဲ့ ဖြစ်စဉ် ဖြစ်လာဖို့ လိုအပ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ( JMC-U ) ရဲ့ ဒုတိယ ဥက္ကဌ (၁) ဗိုလ်ချုပ် စောအိုက်ဇက်ဖိုးက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ JMC-U ရဲ့၁၃ ကြိမ်မြောက် အစည်းအဝေးမှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ ကိုယ်စားလှယ်ဖြစ်သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘာယူချင်တယ်ဆိုတာကို မပြောပဲ ဘာပေးချင်တယ်ဆိုတာကို ပြောကြဖို့ ဆိုပြီး ပြောဆိုခဲ့မှုကို ကိုးကား ပြောဆိုခဲ့တာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ Peace with Justice ဆိုတဲ့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ရရှိဖို့ လိုအပ်တဲ့အတွက် ဆွေးနွေးဘက် နှစ်ဘက် ကျေကျေနပ်နပ်ရှိမှ ငြိမ်းချမ်းရေး အောင်မြင်မယ်လို့လည်း JMC-U မှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ကိုယ်စားလှယ် အဖြစ် တာဝန်ယူနေသူက ပြောဆိုပါတယ်။

ပဋိပက္ခတွေမှာ ပြုမူကျင့်ကြံမှု ၊ စိတ်ခံစားမှု နဲ့ အတွေးအမြင်အယူအဆ ဆိုတဲ့ လက္ခဏာ သုံးရပ်ရှိတယ်။ အဲဒီ လက္ခဏာ ၃ ရပ်ဟာ ဆက်စပ်နေပြီး ပြုမှုကျင့်ကြံမှုတွေကြောင့် အခြားတဘက်မှာ စိတ်ခံစားမှုတွေ ဖြစ်လာပြီး အတွေးအမြင်အယူအဆကြောင့်လည်း ပြုမူကျင့်ကြံတာတွေ ဖြစ်တတ်တာကြောင့် မတူညီတဲ့ အယူအဆတွေကို ညှိနှိုင်း ဆွေးနွေးကြဖို့လိုတယ်လို့လည်း ဗိုလ်ချုပ်စောအိုက်ဇက်ဖိုးက တိုက်တွန်းပြောဆိုပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အပစ်ရပ်ထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ နည်းသွားပြီး ဒေသခံတွေအနေနဲ့ လွတ်လွတ်လပ်လပ်သွားလာနိုင်ပေမဲ့ အပစ်ရပ်စာချုပ် ကတိကဝတ်တွေကို အကောင်ထည်ဖော်မှု အားနည်းနေသေးတဲ့အတွက် အပစ်ရပ်ဒေသက ဒေသခံ ပြည်သူတွေက စိုးရိမ်မှုရှိတယ်လို့ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုစောတာဒိုမှူးက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဘီဘီစီကို ပြောထားတာပါ။

ဓာတ်ပုံ မူပိုင် Kevin LaChapelle
Image caption စစ်ဘေးရှောင်ဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေပေးဖို့တောင်းဆိုနေတဲ့ ကရင်တိုင်းရင်းသားတွေ

အပစ်ရပ်နယ်မြေတွေမှာ တော့လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီး အရင်ခေတ်ကလောက် ဒေသခံတွေ သေကြေဒဏ်ရာရတာ မရှိတော့ဘူး ဆိုပေမဲ့ အပစ်ရပ်ပြီးနောက်ပိုင်း နယ်မြေသတ်မှတ်နိုင်မှု မရှိတာ ၊ ဒုက္ခသည် ပြန်လည်ထူထောင်ရေး နေရာချထားရေးနဲ့ အကူအညီပေးမှုအပါဝင် ဒေသဖွံ့ဖြိုးရေးနဲ့ ဒေသခံတွေရဲ့ အခွင့်အရေး အကာကွယ်ပေးမှုလို ကိစ္စတွေမှာ အကောင်ထည်ဖော်မှု မစနိုင်သလိုဖြစ်တဲ့အတွက် ကေအန်ယူအပေါ် ကရင် လူထုရဲ့ဖိအားရှိနေတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စတွေဟာ JMC ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကော်မတီနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေလည်း ဖြစ်ပါတယ်။ အန်စီအေ ရေးထိုးပြီးနောက် နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ နှောင့်နှေးနေတဲ့အပေါ် ကရင် လူမှု အသိုင်းအဝိုင်းတွေကလည်း ထောက်ပြ ကန့်ကွက်မှုတွေ ရှိလာနေတာပါ။

အန်စီအေ အကောင်ထည်ဖော်မှုနဲ့ ဂျေအမ်စီ အပစ်ရပ်စောင့်ကြည့်မှု လုပ်ငန်းစဉ်တွေအပေါ် ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ ယုံကြည်မှုနဲ့ ထောက်ခံမှု အပြည့်အဝရရှိမှသာ ဂျေအမ်စီ အကောင်ထည်ဖော်မှု အောင်မြင်မှု ရတယ်လို့ ပြောဆိုနိုင်မှာဖြစ်တယ်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဂျေအမ်စီ ကိုယ်စားလှယ်ဖြစ်သူ ဗိုလ်ချုပ်အိုက်ဇက်ဖိုးက နိုဝင်ဘာ ၂၀ ရက်နေ့က အစည်းအဝေးမှာ ပြောပါတယ်။ ဂျေအမ်စီ အကောင်ထည်ဖော်မှု အောင်မြင်ရင် အပစ်ရပ်လက်မှတ်ထိုးဖို့ ကျန်နေတဲ့ အခြားလက်နက်ကိုင်တွေအနေနဲ့ အပစ်ရပ်လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်လာနိုင်လိမ့်မယ်လို့လည်း ဗိုလ်ချုပ်အိုက်ဇက်ဖိုးက ပြောပါတယ်။

ဂျေအမ်စီ ဥက္ကဌ ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကတော့ ပဋိပက္ခတွေ ရပ်ဆိုင်းရေးအတွက် စေ့စပ်ညှိနှိုင်းနိုင်ရေးအတွက် အန်စီအေအပစ်ရပ်စာချုပ်ကို တည်ဆောက်ထားနိုင်ခဲ့ပြီး အန်စီအေ စာချုပ်အရ ဖွဲ့စည်းထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီအနေနဲ့ ၂ နှစ်တာကာလအတွင်း တိုးတက်အောင်မြင်မှုတွေ ရခဲ့တယ်လို့ ပြောပါတယ်။