အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု အေအေ ကန့်ကွက်

ဓာတ်ပုံ မူပိုင် Arakan Army
Image caption AA တပ်ဖွဲ့ နဲ့ အစိုးရတပ်မတော်ကြား တိုက်ခိုက်မှုတွေ ဆက်ရှိနေ

ပြည်တွင်းစစ်မှာ အစိုးရ စစ်တပ်က စစ်ရဟတ်ယာဉ်ကို အသုံးပြုပြီး တိုက်ခိုက်တာဟာ နိုင်ငံတကာ သဘော တူညီချက် ဖြစ်တဲ့ ဂျီနီဗာ ပဋိဥာဉ်ကို ချိုးဖောက်တာပဲဆိုပြီး ရခိုင်လက်နက်ကိုင် အဖွဲ့ အေအေ က စွပ်စွဲ ပြစ်တင် လိုက်ပါတယ်။

မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဘူးသီးတောင်မြို့နယ် နဟန်းရွာမှာ နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ရဟတ်ယာဉ် ၂ စီးကို အသုံးပြုပြီး နာရီဝက်ကြာ တိုက်ခိုက်ခဲ့တာလို့ အေအေက ပြောပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အတွင်း ရဟတ်ယာဉ်ကို အသုံးပြုကာ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပထမဆုံး တိုက်ခိုက် ခဲ့တာဖြစ်တယ်လို့လည်း အေအေက ဆိုပါတယ်။

စစ်တပ်နဲ့အေအေတို့အကြား နိုဝင်ဘာ ၁၈ ရက်နေ့ ညပိုင်းက ၄ နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်နေ့ မနက်ပိုင်းမှာ နောက်ဆက်တွဲ အနေနဲ့ လေကြောင်း ကနေပါ တိုက်ခိုက်လာတယ်လို့ အေအေပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို ပြောပါတယ်။

အစိုးရတပ်ဖွဲ့ဝင်တွေ ပိတ်မိနေတဲ့ အတွက် လေကြောင်း ပစ်ကူ လာပေးတာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

အစိုးရ စစ်တပ်ရဲ့ ရဟတ်ယာဉ် တွေကို တွေ့မြင်ခဲ့ရကြောင်း ဘီဘီစီကို ပြောတဲ့ ဒေသခံတွေလည်း ရှိပါတယ်။

တိုက်ပွဲအတွင်းမှာ နှစ်ဘက် အကျအဆုံးတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပေမယ့်၊ အတိအကျကိုတော့ ဘယ်ဘက်က ထုတ်ပြန်ပေးတာမျိုး မရှိသေးပါဘူး။

စစ်တပ်က စစ်အင်အားတွေ ထပ်မံ ပို့ဆောင် နေတာကြောင့် တိုက်ပွဲတွေ ပိုပြင်းထန် လာနိုင်တယ်လို့လည်း အေအေက ပြောပါတယ်။