ရခိုင်အရေး အကြံပြုချက် တွေ တရုတ် ချပြ

ဓာတ်ပုံ မူပိုင် EPA
Image caption ASEM အာရှ ဥရောပ နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို ဥရောပနဲ့ အာရှက နိုင်ငံပေါင်း ၅၁ နိုင်ငံတက်ရောက်

ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်လာနိုင်ရေး အတွက် ရခိုင်ပြည်နယ်ထဲမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ တရုတ်အစိုးရက တိုက်တွန်းလိုက် ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်မှာ လက်ခံကျင်းပနေတဲ့ ASEM အာရှ ဥရောပ နိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးအဆင့် အစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက ပြောဆိုလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ အစိုးရဟာ ပုံမှန်အားဖြင့်တော့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်ပြောဆိုတာမျိုး လုပ်လေ့ မရှိပါဘူး။

ဒါပေမဲ့ ရခိုင်ပြည်နယ် ကနေ တရုတ်နိုင်ငံထဲ အထိ တိုက်ရိုက် သွယ်တန်း ထားတဲ့ ရေနံပိုက်လိုင်း အပါအဝင် တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေက ရခိုင်ပြည်နယ်ထဲ အများအပြား ရှိနေပါတယ်။

နိုဝင်ဘာ ၂၀ ရက်က စတင်ကျင်းပတဲ့ ASEM ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒေသတွင်းနဲ့နိုင်ငံတကာ ပဋိပက္ခ တွေကြောင့် မြန်မာ နိုင်ငံရဲ့ ပြည်တွင်း လုံခြုံရေးအပေါ် အကျိုးသက်ရောက်မှုတွေရှိတယ်လို့ ပြောပါတယ်။

ဒီအစည်းအဝေးမှာ အာရှနဲ့ ဥရောပမိတ်ဖက်အကြား ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါတယ်။

ဒီအစည်းအဝေးကို မလာခင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့စ်ဆက်ဘဇားက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့တဲ့ အီးယူအဖွဲ့ရဲ့ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ဖက်ဒရီးကား မူဂီရီးနီးက ရခိုင်အရေး ပြဿနာကို ဖြေရှင်းဖို့ ဆိုရင် နှစ်ဘက်စလုံး မနစ်နာ စေတဲ့ ကိစ္စ တွေကို ရှာဖွေ လုပ်ဆောင်ဖို့လိုတယ်လို့ ပြောပါတယ်။

နိုဝင်ဘာ ၂၁ ဆွေးနွေးပွဲမှာလည်း ဘင်္ဂလာဒေ့ဘက်ရောက် ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

နှစ်ရက်တာ ကျင်းပမယ့် အစည်းအဝေးကို ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၈ နိုင်ငံ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၂ နိုင်ငံ၊ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ အရှေ့မြောက်နဲ့ တောင်အာရှအုပ်စုဝင် ၁၁ နိုင်ငံ အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၅၁ နိုင်ငံနဲ့ ဒေသဆိုင်ရာ အဖွဲအစည်း ဖြစ်ကြတဲ့ အာဆီယံ အတွင်းရေးမှုးချုပ်ရုံး ဥရောပကော်မရှင်တို့မှ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ ဒုတိယ ဝန်ကြီးတွေ တက်ရောက်ကြပါတယ်။