ရခိုင်အရေး မြန်မာဘက် တရုတ်ရပ်မှု တပ်ချုပ်ကျေးဇူးတင်

ဓာတ်ပုံ မူပိုင် Senior General Min Aung Hlaing Facebook
Image caption တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်စစ်တပ်ရဲ့ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲ စစ်ဦးစီးချုပ် Gen. Li ZuoCheng တို့ကို ဂုဏ်ပြုတပ်ဖွဲ့က ကြိုဆိုစဉ်

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာအနေနဲ့ နိုင်ငံတကာရဲ့ ဖိအားအောက်ကျရောက်နေစဉ်အတွင်း တရုတ်အနေနဲ့ နိုင်ငံတကာ စာမျက်နှာမှာ မြန်မာဘက်က ရပ်တည်ပေးတဲ့ အပေါ် ကျေးဇူး အထူးတင်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နဲ့ ပူးတွဲ စစ်ဦးစီးချုပ် Gen. Li ZuoCheng နဲ့ ဘေဂျင်းမြို့မှာ နိုဝင်ဘာလ ၂၂ ရက်က တွေ့ဆုံစဉ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

တပ်ချုပ်ဘက်ကတော့ ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အကြား ဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်လာမှာဖြစ်တဲ့အပြင် နယ်စပ် တည်ငြိမ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အထောက်အကူ ပြုစေနိုင်မယ်လို့ ပြောဆိုခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့ဘုပ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

တရုတ်ဗဟို စစ်ကော်မရှင် အဖွဲ့ဝင်နဲ့ ပူးတွဲ စစ်ဦးစီးချုပ် Gen. Li Zuocheng ကတော့ တပ်မတော်နှစ်ရပ် အကြား ဆက်ဆံမှုမှ တဆင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရရှိစေမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့စဉ်က အကူအညီပေးခဲ့ပြီး ဆက်လက်ကူညီသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

လေ့လာသူတွေကတော့ ၂၀၁၅ ကိုးကန့် တိုက်ပွဲစချိန်က စလို့ အတန်ငယ်အေးခဲခဲ့တဲ့ မြန်မာ့ တပ်မတော်နဲ့ တရုတ်အကြား ဆက်ဆံရေးဟာ အခုလို နိုင်ငံတကာက မြန်မာအပေါ် ဖိအား ပေးလာချိန်မှာ ပြန်လည်နီးစပ်ဖို့ လမ်းစပွင့် လာနေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

နှစ်နိုင်ငံအဆင့်အလိုက် နီးနီးကပ်ကပ် ဆက်ဆံဆောင်ရွက်ခြင်းဖြင့် နယ်စပ် ဒေသပြဿနာ တွေကို အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်နိုင်မှာဖြစ်ပြီး တောင်တရုတ်ပင်လယ် အရေးကိစ္စတွင်လည်း မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံဘက်က ရပ်တည်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ရှိကြောင်း တရုတ်စစ်တပ် တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။

လတ်တလော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရခိုင်အရေး ထုတ်ပြန်ချက်မှာဆိုရင် ရိုဟင်ဂျာတွေအပေါ် လူမျိုးစုအလိုက် ကျူးလွန်ဖယ်ရှားရာ ရောက်တယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရတယ်လို့ ပြောဆိုလာတာပါ။

အမေရိကန် အစိုးရက သုံးနှုန်းလာတယ်ဆိုတဲ့ Ethnic Cleansing အသုံးအနှုန်းဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု Genocide အဆင့်ရောက်ဖို့ အဆင့်တဆင့်သာ လိုတာဖြစ်တဲ့အတွက် အရေးယူမှုတွေ လုပ်လာရင် တပ်မတော် ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမှုတွေ လုပ်နိုင်တာကို တပ်မတော်ခေါင်းဆောင်တွေဘက်က တွက်ဆမိဟန်တူတဲ့အတွက် လွန်ခဲ့တဲ့နှစ်တွေအတွင်း ဆက်ဆံရေး အေးခဲခဲ့တဲ့ တရုတ်နဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကြိုးစားနေပုံလည်း ရတယ်လို့ ပြည်တွင်းပြည်ပ မီဒီယာတွေမှာ မြန်မာ့အရေးအကြောင်း သုံးသပ်ချက်ဆောင်းပါးတွေ ရေးသားနေတဲ့ စိုင်းဝမ်းဆိုင်က ဘီဘီစီကို ပြောပါတယ်။

လတ်တလောအတွင်းမှာပဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကျူးလွန်သူတွေကို အပြစ်ပေးဖို့ အရေးကြီးတယ်လို့ အမေရိကန်ကလည်း ပြောထားသလို တဘက်မှာလည်း နယ်စပ်တည်ငြိမ်ရေးကော ရခိုင်ဒေသ တည်ငြိမ်ရေး ကပါ တရုတ်ရဲ့ မဟာဗျူဟာ စီမံကိန်း ဖြစ်တဲ့ ရပ်ဝန်းတခု လမ်းကြောင်းတစ်ကြောင်း အတွက် အရေးပါတော့ တရုတ်အနေနဲ့ အခုလို အချိန်မှာ မြန်မာအပေါ် သူ့ရဲ့ သြဇာ ပိုမို လွှမ်းမိုးဖို့ ကြိုးစားသွားမှာ ဖြစ်တယ် စိုင်းဝမ်းဆိုင်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Image caption အန်စီအေ အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်အောင် တရုတ်ဘက်က စီစဉ်ပေးခဲ့တာတွေလည်း ရှိခဲ့

ရခိုင်အရေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းပေးမှာထက် တရုတ်က ကြားဝင်ဆောင်ရွက်ပေးလိုပုံရတယ်ဆိုပြီး မကြာသေးခင်က တရုတ်နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်အပေါ် အခြေခံလို့ စိုင်းဝမ်းဆိုင်က ထောက်ပြပါတယ်။

အန်စီအေ အပစ်ရပ် စာချုပ် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့ အစိုးရအကြား ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်အောင် တရုတ်ဘက်က စီစဉ်ပေးခဲ့တာတွေလည်း ရှိခဲ့တာပါ။

မကြာသေးခင်က နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့ရဲ့ ဝ ၊ မိုင်းလား ခရီးစဉ်အတွင်း တရုတ်ရဲ့ မြန်မာ့အရေး အထူးသံတမန် မစ္စတာ ဆွန်းကော့ရှန် လည်း လိုက်ပါ သွားခဲ့တာဖြစ်ပါတယ်။