ကုန်သွယ်မှု တိုးတက်ပေမယ့် ပြည်ပ ပို့ကုန် အားနည်း

ဓာတ်ပုံ မူပိုင် MASSA
Image caption မြန်မာ က ကုန်တင်ပို့နေတဲ့ နိုင်ငံတွေ

၂၀၁၇-၂၀၁၈ ဘာဏ္ဍာ နှစ် အတွင်း မြန်မာနိုင်ငံရဲ့ကုန်သွယ်မှု တန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၈ ဘီလျံ ရှိနေပြီး အရင်နှစ်က ထက် ဒေါ်လာ ၂ ဘီလျံ ကျော် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

သွင်းကုန် တန်ဖိုး က များနေပြီး မြန်မာပြည်ကနေ ပြည်ပကို ကုန်ပစ္စည်း တင်ပို့မှုက အားနည်းနေပါသေးတယ်။

ဒီနှစ် ဘာဏ္ဍာနှစ် ဖြစ်တဲ့ ဧပြီလကနေ အောက်တိုဘာလအထိ မြန်မာပြည်ရဲ့ ပြည်ပ ပို့ကုန် တန်ဖိုး စုစုပေါင်း က အမေရိကန်ဒေါ်လာ သန်း ရှစ်ထောင် ကျော်ရှိပါတယ်။

သွင်းကုန် တန်ဖိုး စုစုပေါင်း ကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလျံ ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁၈ ဘီလျံ ကျော် ရှိပါတယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ပြည်ပ ပို့ကုန် သွင်းကုန် တန်ဖိုး ကုန်သွယ်မှု ပမာဏ စုစုပေါင်း ဒေါ်လာ ၁၅ ဘီလျံ ကျော် ရှိခဲ့ပါတယ်။

ကုန်သွယ်မှု ပမာဏ များ လာ ပေမယ့် မြန်မာပြည် ရဲ့ ပြည်ပ ကုန်ပစ္စည်း တင်ပို့မှု အားနည်း နေတာက ပို့ကုန် တင်ပို့ နိုင်တဲ့ စွမ်းရည် နည်းသေး တဲ့ အတွက် ဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဝန်ကြီးဒေါက်တာသန်းမြင့် က ပြောပါတယ်။

မြန်မာပြည်က အဓိက ပို့ကုန်တွေဟာ သဘာဝဓါတ်ငွေ့၊ သစ်တောထွက် ပစ္စည်း၊ ရေလုပ်ငန်း၊ လယ်ယာ ထွက်ကုန် ပစ္စည်း၊ စက်မှု ကုန်ချောပစ္စည်း၊ သတ္တု၊ ကျောက်စိမ်းနဲ့ တခြား သဘာဝသံယာဇာတပစ္စည်း တွေ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေ အထူးသဖြင့် မတည်ငြိမ်မှုနဲ့ ပဋ္ဋိပက္ခတွေဟာလည်း ပြည်ပကုန်သွယ်မှုကိုလည်း ထိခိုက်စေ တယ်လို့ ဒေါက်တာသန်းမြင့်က ပြောပါတယ်။

ခေတ်အဆက်ဆက်က စနစ်တွေကြောင့် ကမ္ဘာနဲ့အဆက်အသွယ်ပြတ် တောက်တာ၊ အရည်အသွေးကောင်းတဲ့ ကုန်ချောပစ္စည်းတွေကို နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ဖို့အားနည်းနေသေးတာတွေ၊ ပြည်ပက ဖိအားတွေ စတဲ့အခက်အခဲ တွေကြောင့်လည်း မြန်မာပြည်က ပြည်ပပို့ကုန်မှာ အိမ်နီးနားခြင်းနိုင်ငံထက် အားနည်းနေသေးတယ်လို့လည်း စီးပွားရေးလေ့လာသူတချို့က ထောက်ပြနေကြပါတယ်။