ဒုက္ခသည်တွေ ပြန်လာရင် ဘယ်လိုနေကြမလဲ

ဓာတ်ပုံ မူပိုင် AFP
Image caption ရိုဟင်ဂျာ ဒုက္ခသည်စခန်း တခု အတွင်း

ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံကို ပြန်လာမယ့် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ လောလောဆယ် ယာယီစခန်းတွေမှာ ခေတ္တ နေရမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက မာမွတ် အလီက ပြောပါတယ်။

ပြန်မယ့်ဒုက္ခသည်တွေကို သူတို့ မူရင်းရွာ ဒါမှမဟုတ် သူတို့နေချင်တဲ့နေရာမှာ ပြန်လည် နေရာချပေးမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် မြန်မာပြည် ဖက် ပြန်ရောက်တဲ့ စစချင်းအချိန် မှာတော့ ယာယီအနေ နဲ့ ခိုလှုံရာ နေရာ တွေမှာ နေကြရမယ် ၊ သူတို့ကို စိစစ်ရေး လုပ်ငန်းစဉ်တွေ လုပ်ပြီးရင် ပြန်လည် ပို့ပေးမှာပါလို့ မစ္စတာ မာမွတ် အလီ က ပြောပါတယ်။

သူတို့ရဲ့ နေအိမ်တွေ မီးလောင် ပျက်စီးထားတာကြောင့်လို့ အခုလို ယာယီစခန်းတွေ မှာ နေရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ စာရင်းအရ မွတ်စလင် ဒုက္ခသည် ၆ သိန်း ကျော် ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ထွက်ပြေး ခိုလှုံနေရပြီး မြန်မာနိုင်ငံကို ပြန်ပို့ရေးအတွက် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကြား သဘောတူ လက်မှတ်ထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ဒုက္ခသည် ပြန်ခေါ်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သဘောတူ

ရိုဟင်ဂျာတွေ လူမျိုးရှင်းလင်းခံရလို့ ကန်ဆို

တရုတ်ဝန်ကြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သွားဖို့ရှိ

ဓာတ်ပုံ မူပိုင် Allison Joyce
Image caption ခုထိ မြန်မာက ထွက်လာဆဲ ဒုက္ခသည်တွေ

အခုလို ပြန်ရောက်လာမယ့် ဒုက္ခသည်တွေအတွက် သီးခြားခွဲထုတ် လှောင်ပိတ်ခံရတဲ့ ပုံစံမျိုး ဖြစ်လာမှာကို စိုးရိမ်တယ်ဆိုပြီး ကုလသမဂ္ဂဘက်က အရင် က ပြောထားဖူးပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ တောင်ပြိုလက်ဝဲ နဲ့ ငါးခူရ အရပ်တွေ ကို အရင်ဆုံး ရောက်ရှိလာမှာ ဖြစ်ပြီး အဲဒီမှာ လက်ခံရေး စခန်းတွေ ထားမယ်၊ အဲဒီ မှာ ၁ ရက် ၊ ၂ ရက်သာ သူတို့နေရမှာ ဖြစ်ပြီး သူတို့ယာယီ နေထိုင်ဖို့ အတွက် နေရာတခုကို လှဖိုးခေါင်ဆိုတဲ့ ဒေသမှာ ပြင်ဆင်ထားတယ်၊ အဲဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်တော့မယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

ယာယီနေရမယ့် နေရာ ဟာ ဒုက္ခသည် စခန်းလိုမျိုး မဟုတ်ဘဲ လူ ခုနစ်သောင်း လောက် ဆန့်အောင် စီစဉ်မှာ လို့လည်း သူ က ပြောပါတယ်။

အဲဒီ ကမှ ဒုက္ခသည်တွေကို သူတို့ရဲ့ အိမ်တွေမှာ ပြန်လည် နေရာချထားပေးမှာပါ။

မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ပြန်လည် ဆောက်လုပ်ပေးနေပြီး အများဆုံး ၆ လအထိ ကြာနိုင်မယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ကူညီဖို့ ဖိတ်ခေါ်ထားပြီး လုပ်ငန်းစီမံချက် ကို အကောင်အထည်ဖော်ရာမှာတော့ အစိုးရ က ဦးဆောင်မှာ လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောပါတယ်။