စစ်ရှောင်တွေရဲ့ နေရပ်တွေမှာ ဝင်ရောက်ကျူးကျော်မှု ကေအိုင်အို သတိပေး

Image caption စစ်ရှောင်တွေရဲ့ လယ်ယာမြေခြံတွေကို တခြားကုမ္ပဏီ အဖွဲ့အစည်းတွေက အာဏာပိုင်တွေဆီက လုပ်ပိုင်ခွင့်ရယူပြီး ဝင်ရောက်နေရာယူပြီး စိုက်ပျိုးမှုတွေ ရှိလာနေတာကြောင့် ပြည်သူတွေက စိုးရိမ်မှုတွေ ရှိလာနေ

စစ်ဘေးကြောင့် အိုင်ဒီပီစခန်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်တွေရဲ့ မူရင်းနေရပ်ဒေသတွေက စစ်ဘေးရှောင်တွေရဲ့ မြေယာတွေနဲ့ အိမ်ယာတွေကို အခြားသူတွေက နေရပ်ပြန်မလာခင် ဝင်ရောက်သိမ်းပိုက် ရယူထားမှုတွေ ရှိနေတဲ့အတွက် သိမ်းပိုက်ခြင်းမပြုဖို့ ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အိုက ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ဘေးရှောင်တွေရဲ့ မူလနေရပ်အတွင်း ကုမ္ပဏီတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ဧကသောင်းနဲ့ချီတဲ့ စိုက်ခင်းတွေလည်း အခုနောက်ပိုင်းနှစ်တွေအတွင်း ပေါ်ပေါက်လာနေတယ်လို့ ကချင်ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ပြောပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရေအတွက် ၁ သိန်းနီးပါးရှိတဲ့ စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်စခန်းတွေမှာ နေနေရဆဲဖြစ်ပါတယ်။

တကျော့ပြန်ကချင်စစ်ပွဲ ပြန်လည်စတင်ခဲ့တာ ၅ နှစ်ကျော်ကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးသူတွေရဲ့ မူရင်းနေရပ်တွေမှာ အခြားသူတွေက ဝင်ရောက်နေထိုင်တာတွေ ၊ စိုက်ပျိုးမြေတွေ အဖြစ် ဝင်ရောက်လုပ်ကိုင်တာတွေ ရှိလာနေတာပါ။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေက စစ်ရှောင်တွေရဲ့ လယ်ယာမြေခြံတွေကို တခြားကုမ္ပဏီ အဖွဲ့အစည်းတွေက အာဏာပိုင်တွေဆီက လုပ်ပိုင်ခွင့်ရယူပြီး ဝင်ရောက်နေရာယူပြီး စိုက်ပျိုးမှုတွေ ရှိလာနေတာကြောင့် ပြည်သူတွေက စိုးရိမ်မှုတွေ ရှိလာနေလို့ ကေအိုင်အိုအနေနဲ့ ကြေညာချက်ထုတ်ပြန်ရတာလို့ ကေအိုင်အို ပြန်ကြားရေးဌာနက ဗိုလ်မှုးကြီးနော်ဘူ ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ဖြစ်ပေါ်နေတာ မြေဧက အရေအတွက် ဘယ်လောက်များများ ဖြစ်နေသလဲဆိုတာ ကေအိုင်အိုအနေနဲ့ တိတိကျကျ သိရှိရခြင်း မရှိပေမဲ့ စစ်ရှောင်တွေရဲ့ မိသားစုဝင်တွေက မူလနေရပ်တွေကို ပြန်ကြည့်တဲ့ အချိန်မှာဖြစ်စေ အခြား ကချင်ဒေသခံတွေက စစ်ရှောင်တွေရဲ့ မူလကျေးရွာတွေနားကို သွားလာတဲ့အခါမှာဖြစ်စေ စစ်ရှောင်တွေရဲ့ နေရပ်တွေမှာ အခြားသူတွေ ဝင်ရောက်နေထိုင်နေတာ တွေ့ရပြီး ပြန်လည် တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် ကြေညာချက်ထုတ်ပြန်ရတာလို့ ဆိုပါတယ်။

ကေအိုင်အေနဲ့ တပ်မတော်အကြား တိုက်ပွဲပြန်ဖြစ်လာတဲ့ ၅ နှစ်ကျော်အတွင်း ဝိုင်းမော်မြို့နယ်အတွင်းမှာဆိုရင် ဌက်ပျောစိုက်ဧကတွေ သိန်းနဲ့ချီ တိုးပွားလာနေတယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ ကချင်လူမှု့ဖွံ့ဖြိုးရေးအဖွဲ့ကလည်း ပြောပါတယ်။

၂၀၁၄ ကနေစလို့ အခု ၂၀၁၇ ခုနစ်အထိ စိုက်ပျိုးရေးခြံတွေများပြားလာနေပြီး အစိုးရက တရားဝင် လုပ်ပိုင်ခွင့်ပေးထားသလား ဘယ်လို နည်းလမ်းနဲ့ လုပ်ကိုင်နေကြသလဲဆိုတာ မသိရဘူးလို့ ကချင်လူမှု့ ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆာဂျီးက ပြောပါတယ်။ စစ်ဘေးရှောင်အများစုက ကချင်လူမျိုးတွေဖြစ်ကြပြီး စစ်ဘေးရှောင်တွေရဲ့ မူလကျေးရွာတွေမှာ တခြားအရပ်က ကချင်မဟုတ်တဲ့ တခြားလူမျိုးတွေက စစ်ရှောင်တွေထားခဲ့တဲ့ အိမ်တွေမှာ လာနေတာ ၊ ဆိုင်ကယ် ကယ်ရီလုပ်ငန်းတွေလုပ်လာတာတွေအပြင် တပ်မတော်သားတချို့ကလည်း စစ်ရှောင်တွေရဲ့ အိမ်တွေမှာ နေနေတာတွေလည်း ရှိနေတယ်လို့ ဦးဆာဂျီးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ထဲမှာ စိုက်ပျိုးခြံများလာပြီး စစ်ဘေးရှောင်တွေရဲ့ မူလနေရပ်မှာ အခြားသူတွေ လာရောက်အခြေစိုက် နေထိုင်တာများတဲ့ ကျေးရွာတွေကတော့ အောင်မြေ (၁) ၊ အောင်မြေ ၂ ၊ ဂါးလာယံ ၊ ကန်တော်ယန် ၊ ဗဇိုးတဘတ် စတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဦးဆာဂျီးက ပြောပါတယ်။

ကေအိုင်အို တာဝန်ရှိသူကတော့ စစ်ရှောင်တွေရဲ့ အခုလို ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အစိုးရနဲ့ ဆွေးနွေးဖို့ ရှိသလို ဒီလို ကျူးကျော်နေထိုင် သိမ်းပိုက်မှုတွေ မရပ်ရင် လုပ်သင့်လုပ်ထိုက်တာတွေကို အရေးယူ ဆောင်ရွက်မယ်လို့လည်း ကေအိုင်အိုဘက်က ပြောပါတယ်။