ဓနုအမျိုးသားနေ့နဲ့ ရိုးရာဝတ်စုံသတ်မှတ်

ဓာတ်ပုံ မူပိုင် Nang Tharaphu Tint Facebook
Image caption ပင်းတယမှာ ကျင်းပခဲ့တဲ့ ဓနုအမျိုးသား ညီလာခံမြင်ကွင်း

ရှမ်းပြည်နယ်မှာ နေထိုင်တဲ့ ဓနုတိုင်းရင်းသားတွေ ဦးဆောင်ပြီး ဓနုအမျိုးသား ညီလာခံတရပ်ကို ကျင်းပခဲ့ကာ အမျိုးသားနေ့ ၊ အမျိုးသား အလံနဲ့ ရိုးရာဝတ်စုံတွေကို သတ်မှတ်ခဲ့ကြပါတယ်။

ပင်းတယမြို့မှာ နိုဝင်ဘာလ ၂၆ ကနေ ၂၇ ရက်နေ့အထိ ကျင်းပတဲ့ ဓနုအမျိုးသားတွေရဲ့ ညီလာခံမှာ မြို့နယ် ၁၀ မြို့နယ်က ကိုယ်စားလှယ် ၈၀ဝ လောက်တက်ရောက်ခဲ့တာပါ။

လူမျိုး ဘာသာစကား ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ ချစ်ခင်ရင်းနှီးမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆွေးနွေး တိုင်ပင်နိုင်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ခဲ့တာပါ။

သူတို့ထက် ဦးရေနည်းတဲ့ အခြားတိုင်းရင်းသား တွေ တောင်မှ အမျိုးသားနေ့တို့ အမျိုးသား ညီလာခံတို့ လုပ်ကြပြီး ဓနုတွေက တကြိမ်တခါမှ ညီလာခံမလုပ်ဖူးပါဘူး။

နောက် ဓနုတွေကလည်း ရှမ်းပြည်နယ်က လူဦးရေအရ ကြည့်ရင် နံပတ် ၄ နေရာမှာ ရှိတဲ့ တိုင်းရင်းသား ဖြစ်နေတော့ ညီလာခံကျင်းပဖို့ စီစဉ်ဖို့ ဖြစ်လာတာပါလို့ ဓနုတိုင်းရင်းသား ရေးရာအဖွဲ့ချုပ် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခံရတဲ့ ဦးမင်းလွင်ဦးက ဘီဘီစီကို ပြောပါတယ်။

ဓနုအမျိုးသားနေ့ အဖြစ် ပထမဆုံး အကြိမ် ညီလာခံ ကျင်းပနိုင်ခဲ့တဲ့ နတ်တော်လဆန်း ၈ ရက်ကို တက်ရောက်လာသူတွေက တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပြီး အပေါ်မှာ အပြာရောင် အောက်က အဝါရောင်နဲ့ အလယ်က စက်ဝိုင်း အဖြူမှာ ၈ မြှောင့်ကြယ်ကို ထည့်သွင်းထားတဲ့ အလံကို ဓနုအမျိုးသား အလံအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

ဓနုတိုင်းရင်းသားတွေ ရေးစပ်တဲ့ သီချင်းတွေထဲက နောင်ချိုမြို့နယ်က ရေးစပ်တဲ့ သီချင်းကို အလံတင် သီချင်းအဖြစ် အတည်ပြုခဲ့ပါတယ်။

ရိုးရာဝတ်စုံအဖြစ် အမျိုးသားတွေ ဆိုရင် ခေါင်းပေါင်း အပန်းရောင် ကာကီတိုက်ပုံ ရှမ်းဘောင်းဘီကို အတည်ပြုခဲ့သလို အမျိုးသမီးတွေအတွက်ဆိုရင် အင်္ကျီအနီရောင်နဲ့ လုံချည်အနက် အပေါ်မှာ အစင်းလိုင်းတွေ ထည့်သွင်း ထားတဲ့ ဝတ်စုံကို အတည်ပြုလိုက်ပါတယ်။

ဓနုတိုင်းရင်းသားတွေဟာ ရှမ်းပြည်တောင်ပိုင်း ပင်းတယ ၊ ကလော ၊ ရွာငံ ၊ ရပ်စောက် ၊ နောင်ချို ၊ တောင်ကြီးတို့မှာ အဓိက နေထိုင်တာ ဖြစ်ပါတယ်။