ရန်ကိုရန်ချင်း မတုံ့နှင်းဖို့ ပုပ်တိုက်တွန်း

ဓာတ်ပုံ မူပိုင် Getty Images
Image caption နှစ်သိန်းလောက် ရှိတဲ့ ကက်သလစ် ဘာသာဝင်တွေနဲ့အတူ ကျိုက္ကဆံကွင်းမှာ ပုပ်ရဟန်းမင်းကြီး ဝတ်ပြု ဆုတောင်းခဲ့

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဦးဆောင်ပြီး ကက်သလစ် ဘာသာဝင် တို့ရဲ့ မစ္ဆားတရား ပူဇော်ပွဲကို နိုဝင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ ကျိုက္ကဆံ အားကစား ကွင်းမှာ ကျင်းပခဲ့ ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဆုတောင်းပွဲ တက်ဖို့ မနက် ၄ နာရီ ကတည်းက တဖွဲဖွဲ ရောက်လာ နေခဲ့ကြတဲ့ မြန်မာနိုင်ငံ တဝန်းက ကက်သလစ် ဘာသာဝင်တွေ၊ တခြား ခရစ်ယာန် ဘာသာဝင်တွေနဲ့ ပြည့်နှက်နေတဲ့ ကျိုက္ကဆံ အားကစားကွင်း ကို မနက် ၈ နာရီကျော်မှာ ပုပ်ရဟန်းမင်းကြီး ရောက်လာပြီး တကွင်းလုံးကို အမိုးမှာ မှန်တပ်ထားတဲ့ ယာဉ်ငယ်လေးနဲ့ လှည့်လည် နှုတ်ဆက်ခဲ့ ပါတယ်။

လူထု ပရိသတ် သိန်းချီ တက်ရောက်တဲ့ ဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက မြန်မာပြည် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ရန်လိုခြင်း မရှိဖို့နဲ့ ရန်ကိုရန်ချင်း မတုံ့ပြန်ဖို့ ပြန်လည် ကျေအေး သင့်မြတ်ဖို့ ထည့်သွင်း ပြောခဲ့ ပါတယ်။

ပုပ်ရဟန်း မင်းကြီးရဲ့ ပထမဦးဆုံး မြန်မာခရီးစဉ်ဟာ သမိုင်းဝင်ဖြစ်ရပ်ဖြစ်ပြီး ဒီခရီးစဉ်ကနေ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းတွေ အတွက် ထိရောက်တဲ့ ဦးတည် ဆောင်ရွက်မှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ဒီပွဲကို တက်ရောက် လာကြသူတွေက ပြောဆိုကြပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဘင်္ဂလားဒေ့ရှ်ကို ခရီးဆက်မယ်

ဆုတောင်းပွဲ အပြီးမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဦးဆောင်တဲ့ ကက်သလစ် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံ သံဃမဟာနာယက အဖွဲ့ မဟန ဆရာတော် တွေနဲ့လည်း ရန်ကုန်မြို့ ကမ္ဘာအေး စင်တာမှာ တွေ့ဆုံ ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မတူကွဲပြားမှုတွေ သံဟဇာတဖြစ်အောင် နေထိုင်ဖို့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့ပြီး သံဃမဟာနာယ အဖွဲ့ကတော့ ကမ္ဘာပေါ်မှာ ဘာသာရေးကိုအသုံးချ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတဲ့ အရေးတွေကို ပြောကြ ပါတယ်။

မဟန ဥက္ကဋ္ဌ ဖြစ်တဲ့ ဗန်းမော် ဆရာတော် အရှင် ကုမာရဘိဝံသ က အမည်နာမ တပ်မပြောပေမယ့် ကိုးကွယ်သူ တွေဟာ ဘာသာရေးရဲ့ မူရင်းသင်ကြားမှုတွေကို ဆန္ဒ၊ ဒေါသ မောဟစတဲ့ အဂတိ တရားတို့နဲ့ ရောနှောပစ် လိုက်တဲ့ အတွက် အစွန်းရောက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ ယုံကြည်ကြောင်း မိန့်ပါတယ်။

ဓာတ်ပုံ မူပိုင် ETTORE FERRARI
Image caption ဗန်းမော် ဆရာတော်နဲ့ ပုပ်ရဟန်းမင်း

ပုပ်ရဟန်းမင်းကြီးက လက်တင်ဘာသာနဲ့ မိန့်ကြားမှုမှာတော့ မြန်မာပြည်မှာ မတူကွဲပြားမှုတွေ ကြား အတူယှဉ်တွဲ နေထိုင်ဖို့ တိုက်တွန်းတဲ့ အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဥပဒေစိုးမိုးရေး အတွက် ဘာသာရေး ခေါင်းဆောင်တွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အရေးကြီးကြောင်း မိန့်ကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၃၀ ရက်မှာ ပုပ်ရဟန်းမင်းကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာမြို့ကို သွားရောက်မှာ ဖြစ်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။