လူငယ် ဘက်စုံဖွံ့ဖြိုးရေး ဘာတွေ လိုသလဲ

Image caption အခြေခံပညာ ကျောင်းသူ ကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေ ပွဲတော်ကို လာရောက်ကြ

အန်အယ်လ်ဒီ အစိုးရလက်ထက် ပထမဆုံး လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ရန်ကုန်မှာ ဒီဇင်ဘာလ ၁ ရက်နေ့က စတင်ကျင်းပနေပါတယ်။

လူငယ်တွေ အချင်းချင်း ဆက်သွယ်မှု တိုးပွားလာပြီး ပညာရပ် နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုး တိုးတက်လာဖို့ ရည်ရွယ် ကျင်းပတာလို့ အစိုးရဘက်က ပြောပါတယ်။

ဒါပေမဲ့ လူငယ်တွေ တကယ် ကြုံတွေ့နေရတဲ့ လက်တွေ့ ပြဿနာတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကြောင်းတွေ ပါဝင်မှု အားနည်းပြီး နိုင်ငံရေးအရ ပြောဆိုနိုင်ခွင့် လည်း နည်းပါးတယ် ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး ကတော့ ဒီပွဲတော် ကျင်းပရတဲ့ ရည်ရွယ်ချက်က လူငယ် တွေကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုတဲ့ ဗလငါးတန် ပြည့်စုံစေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ပညာရေးဝန်ကြီးက ငြိမ်းချမ်းရေး၊ ကျားမ တန်းတူညီမျှရေးနဲ့ ဖွံ့ဖြိုးရေးတို့ အတွက် ပညာရေး ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံသင့်တယ်လို့ အခမ်းအနား ဖွင့်ပွဲမှာ ပြောဆိုခဲ့ချိန်မှာ ဒီပွဲတော်ဟာ လူငယ်တွေ အတွက် နိုင်ငံရေးအရ လှုပ်ရှားခွင့် တွေ မပါဝင်ဘူးဆိုပြီး မတ်တတ်ရပ် ကန့်ကွက်တဲ့ လူငယ် တချို့လည်း ရှိခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ဒီလိုပွဲတော်ကို လူငယ်တွေ ကိုယ်တိုင် ဦးစီး ကျင်းပခွင့် ရစေချင်တယ်လို့ ပြည်တွင်း ပြည်ပ အတွေ့အကြုံရှိတဲ့ လူငယ်အရေး လှုပ်ရှားသူ ကိုဇေလင်းမွန်က ပြောပါတယ်။

တိုင်းပြည်မှာ အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ ဘာသာလူမျိုး မတူကွဲပြားမှုအပေါ် အခြေခံတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးနဲ့ပတ်သက်လို့ လူငယ်တွေရဲ့ နိုင်ငံရေး အမြင်တွေ ဖော်ထုတ် ဆွေးနွေး နိုင်ခွင့် မပါတာ ကိုလည်း သူက ထောက်ပြပါတယ်။

လူငယ်တွေ အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ လက်တွေ့ ပြန်လည် အသုံးချနိုင်တဲ့ အဆင့်မီ ပညာရေးစနစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ချိတ်ဆက်မှု ကဏ္ဍတွေ ဖွံ့ဖြိုးလာဖို့ အဓိက အရင်းအမြစ်တွေ ဖြစ်တဲ့ လွတ်လပ်စွာ စဉ်းစား တွေးခေါ်နိုင်မှုကို အခြေခံတဲ့ ပညာရေးစနစ် အားကောင်းဖို့ လိုနေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။

ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာ ကျင်းပတဲ့ လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို အခြေခံပညာ ကျောင်းသူ ကျောင်းသားတွေ၊ တက္ကသိုလ် ကျောင်းသားတွေ လာရောက်ကြ ပါတယ်။

အဓိပတိလမ်း တလျှောက် ပြထားတဲ့ ပြခန်းတွေမှာ ပညာရေးနဲ့ သက်ဆိုင်တဲ့ ပြခန်း အများစုပါဝင်ပြီး လွန်ဆွဲပွဲလို အားကစားပွဲတွေ၊ စာအုပ် ဈေးတန်းတွေနဲ့ ငြိမ်းချမ်းရေး သီးချင်းဆိုပွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖျော်ဖြေပွဲလည်း ပါရှိပါတယ်။