တရုတ်က စီးပွားရေးစင်္ကြံ အဆိုပြု

ဓာတ်ပုံ မူပိုင် Myanmar State Counsellor's Office
Image caption တရုတ်မြန်မာစီးပွားရေး စင်္ကြံ အပြင် အခြား စင်္ကြံတွေ ကိုလည်း တရုတ် က စဉ်းစားနေ

တရုတ် နိုင်ငံကို သွားခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တရုတ် သမ္မတ ရှီကျင်ပင်းတို့ တွေ့ဆုံတဲ့ အခါမှာ ၂ နိုင်ငံ စီးပွားရေး တိုးတက်ဖို့အတွက်အခု လက်ရှိ စီးပွားရေး စီမံချက်တွေအပြင် တရုတ် မြန်မာ စီးပွားရေးစင်္ကြံ ဆိုတာ ပေါ်ထွန်း လာဖို့ တရုတ်နိုင်ငံ ခေါင်းဆောင် ကပြောဆိုခဲ့ပါတယ်။

အဲဒီ စီးပွားရေးစင်္ကြံ ဆိုတာကို တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရီ အရင် လပိုင်းတွေ အတွင်း မြန်မာပြည်လာစဉ်က အဲဒီ အကြံအစည်ကို အဆိုပြုခဲ့ကြောင်းလည်း သိရပါတယ်။

အခု တရုတ်ခေါင်းဆောင် ရဲ့ အဆိုပြုချက်ကို မြန်မာ ဘက် က လည်း စဉ်းစားမယ်လို့သိရပါတယ်။

တရုတ် နိုင်ငံအနေနဲ့ မြန်မာအပေါ် စိတ်ဝင်စားမှုတွေထဲမှာ ရေနံပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်း၊ အခု စီးပွားရေး စီးပွားရေးစင်္ကြံ စတာတွေ အပြင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ် စီးပွားရေး စင်္ကြံ (BIMC Corridor)၊ အိန္ဒိယ မြန်မာ တရုတ် ကို ဆက်ထားတဲ့ လီဒို လမ်းမဟောင်း စတဲ့ လမ်းကြောင်း တွေ ကိုလည်း စိတ်ဝင်စား နေကြောင်း မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့ က သုတေသန တာဝန်ခံလည်းဖြစ် တရုတ်မြန်မာ ဆက်ဆံရေးနဲ့ ရပ်ဝန်းတခု လမ်းတကြောင်း စီမံကိန်းကို အထူးပြု လေ့လာနေတဲ့ ဒေါ်ခင်ခင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ရခိုင်မြောက်ပိုင်း အကျပ်အတည်းနောက်ပိုင်း ကုလသမဂ္ဂအ ပါအဝင် အနောက်နိုင်ငံတွေရဲ့ ဖိအားကို ကြုံနေရတဲ့ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ပိုနီးစပ်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်နေသလို တရုတ်နဲ့ ပိုနီးကပ်သွားပြီး အနောက်နိုင်ငံ အသိုင်းအဝိုင်း နဲ့ ကင်းကွာလာမှာ ကို လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

နိုင်ငံတကာ ဆက်ဆံရေးမှာ နိုင်ငံတွေကြား ဆက်သွယ် ဆက်ဆံနိုင်မှု မျှခြေကို မြန်မာနိုင်ငံ အနေနဲ့ ထိန်းထားဖို့ လိုအပ်ပြီး အိမ်နီးချင်း တရုတ်ကိုလည်း မျှတစွာ ဆက်ဆံဖို့လိုသလို၊ ဒီမိုကရေစီ ကို အားပေးတဲ့ အနောက် နိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဒေါ်ခင်ခင်ကျော် က မြင်ပါတယ်။

အနောက်အုပ်စု က ဖိအားတွေ ပေးလာရင် မြန်မာနိုင်ငံ ကို တရုတ်နဲ့ပိုနီးနီးစပ်စပ် ဆက်ဆံဖို့ တွန်းအားပေးသလို ဖြစ်နေလိမ့်မယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် တယောက် က မကြာခင် က မီဒီယာ တခုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ဖူးပါတယ်။