ဦးဖြိုးကိုကိုတင့်ဆန်းကို အမှုရှစ်မှုနဲ့ တရားရုံးတင်စစ်ဆေး

ဓာတ်ပုံ မူပိုင် MOI
Image caption နေပြည်တော် ဟိုတယ်ကနေ သိမ်းဆည်းရမိတဲ့ ပစ္စည်းများ

နေပြည်တော်လေဆိပ်မှာ လက်နက်တွေနဲ့ အတူ အဖမ်းခံခဲ့ရတဲ့ အားကစားဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မနဲ့ နေပြည်တော် ရဲစခန်းတွေမှာ ထပ်မံ အမှုဖွင့်လိုက်ပါတယ်။

လက်ရှိမှာတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် လယ်ဝေးနဲ့ ဒက္ခိဏသီရိမြို့နယ် ရဲစခန်းမှာည ထပ်မံအမှုတပ်တဲ့ ပုဒ်မကတော့ သမ္မတရုံး ခွင့်ပြုချက်နဲ့ စွဲဆိုတာ ဖြစ်ပြီး အစိုးရ လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ ၆/၁ (က) (င) ပုဒ်မ ဖြစ်ပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ National security council အထူးတပ်ဖွဲ့ အမှတ်တံဆိပ်ပါ ပြောက်ကျား အကျီတွေနဲ့ သူ့ကားပေါ်မှာလည်း အထူးလုံခြုံရေး တပ်ဖွဲ့ တံဆိပ်တုံးတွေ စတစ်ကာတွေ တပ်ဆင် အသုံးပြုခဲ့တာ ဖြစ်ပြီး ဒါဟာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေပဲ သုံးခွင့်ရှိတဲ့ အမှတ်တံဆိပ်ကို တုပ ပြုလုပ်တာ ဖြစ်တဲ့အတွက် သူ့ကို အခုလို ပုဒ်မ တိုးပြီး အမှုဖွင့်ရတာ ဖြစ်တယ်လို့ နေပြည်တော်ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက နေပြည်တော် လေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတချို့ လက်ဝယ်တွေ့လို့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနောက် သူပိုင်ဆိုင်တဲ့ ဟိုတယ်နဲ့ ကုမ္ပဏီရုံးခန်းတွေကို ရှာဖွေရာမှာ လက်နက် (၂၁)လက်၊ ကျည်ဆန်တွေ ဒရုန်းယာဉ်တွေ စကားပြောစက်တွေအပြင် National Security Council အထူးတပ်ဖွဲ့ အမှတ်တံဆိပ်တုန်းတွေ သိမ်းဆည်းမိခဲ့ပြီး သူ့ကို အစိုးရ လျှို့ဝှက်ချက် ဥပဒေ ပုဒ်မ အပြင် လက်နက်မှု၊ မူးယစ်ဆေးဝါးအမှုတွေ အပြင် ဆက်သွယ်ရေး မှု သွင်းကုန် ပို့ကုန် ဥပဒေပုဒ်မ စတဲ့ အမှု (၈)မှုနဲ့ တရားစွဲဆို ထားပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကတော့ တရားခံကို အခုစွဲဆိုထားတဲ့ ပုဒ်မတွေက လုံလောက်မှု မရှိဘူးလို့ ပြောပါတယ်။

လောလောဆယ်မှာတော့ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး လောလောဆယ်မှာတော့ အမှုနဲ့ ဆက်စပ်သူ ဆယ်ဦးထက် မနည်းကိုရုံးတင် စစ်ဆေးနေပါတယ်။

ဦးဖြိုးကိုကိုတင့်ဆန်းက လက်နက်တွေ လုံခြုံရေး အမှတ်တံဆိပ်ပါ အကျီတွေ ကားတွေကို ဘယ်လို ရည်ရွယ်ချက်ကြောင့် အသုံးပြုခဲ့လည်း ဆိုတာကိုတော့ ထောက်လှမ်းရေး ရဲတပ်ဖွဲ့က စစ်ဆေးနေဆဲ ဖြစ်ပြီး အခုချိန်မှာ မပြောနိုင်သေးဘူးလို့ နေပြည်တော် ရဲတပ်ဖွဲ့က ရဲ အရာရှိက ပြောပါတယ်။

အခုတော့ ဦးဖြိုးကိုကိုတင့်ဆန်းကို ထပ်တိုးတရားစွဲတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မကတော့ အများဆုံး အပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်နှစ်အထိ ကျခံနိုင်တယ်လို့ သိရပါတယ်။