ငယ်ဖြူ စာတတ်ဘုန်းကြီးကို စွပ်စွဲရင် တရားစွဲမယ်

Image caption လူ ၃ ယောက်က ဝိုင်းဝန်း ထိုးကြိတ်

ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြံ့လမ်းဆုံအနီးက ဘီယာဆိုင်မှာ ကိုယ်ထိလက်ရောက် ရိုက်နှက် ခံခဲ့ရတဲ့ ဘုန်းတော်ကြီး ဦးဣန္ဒကနဲ့ ပတ်သက်လို့ မဟုတ်မမှန်တွေ ပြောဆို ရေးသား နေမယ် ဆိုရင် ဥပဒေကြောင်းအရ တရားစွဲဆို အရေးယူသွားမယ်လို့ တပည့်ဒကာတွေက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး သတိပေး လာပါတယ်။

သင်္ကန်းဝတ်နဲ့ ဘီယာ ဝင်ဝယ်တယ်လို့ စွပ်စွဲပြီး ဦးဣန္ဒကကို လူ ၃ ယောက်က ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက် ခံခဲ့ရတာ ဖြစ်တယ်လို့ နိုဝင်ဘာ ၄ ရက် သတင်းစာ ရှင်းလင်းပွဲမှာ တပည့်ဒကာတွေက ပြောပါတယ်။

ဦးဣန္ဒကဟာ လက်ရှိ လှည်းကူးမြို့နယ် ရမ္မာဝတီကျောင်းတိုက်က ဆရာတော် ဖြစ်ပါတယ်။

ဘီယာဆိုင်ထဲက အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ် ရောက်လာပြီး လူအများကြား ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ငြင်းခုန်တာတွေ ပေါ်ပေါက်ခဲ့တဲ့နောက် တပည့်တကာတွေနဲ့ ရမ်းဗြဲမြို့နယ် အသင်းက တာဝန်ရှိသူတွေက သတင်း စာရှင်းလင်းပွဲ ပြုလုပ် လာတာ ဖြစ်ပါတယ်။

Image caption ဓမ္မာစရိယထိ စာသင်ခဲ့တဲ့ ငယ်ဖြူ ဘုန်းတော်ကြီး

ဆရာတော် ဦးဣန္ဒက ရခိုင်လေယူလေသိမ်းနဲ့ ရေကို ' ရွီ' လို့ ခေါ်ပြီး ရွီယာ ပေးပါလို့ အလှူခံတာကို ဘီယာပေးပါလို အထင် မှား ရိုက်နှက်ကြတဲ့ အထိ ဖြစ်ခဲ့ရလို့ သတင်းစာ ရှင်းလင်းပွဲကို ဦးဆောင် ကျင်းပသူ ဆရာတော်တပါးဖြစ်တဲ့ ဦးပညာဝံသက ဘီဘီစီကို မိန့်ပါတယ်။

ဆရာတော် ဦးဣန္ဒကဟာ အခင်းဖြစ်တဲ့ နေ့က KBZ ဘဏ်ကို ကိစ္စရှိလို့ အသွား အပြန်လမ်းမှာ ဗိုက်အောင့် ဝေဒနာ ခံစား လာရတဲ့ အတွက် ဆေးသောက်ဖို့ အနီးက ဘီယာဆိုင်ထဲ ရေအလှူ ဝင်ခံတာ ဖြစ်တယ်လို့လည်း ဦးပညာဝံသက ရှင်းလင်း ပြောကြားပါတယ်။

ဆရာတော်ကို ရိုက်နှိက်ခဲ့တဲ့ အရက်ဆိုင်ပိုင်ရှင် အပါအဝင် ၃ ဦးကို ထောက်ကြံ့ ရဲစခန်းမူးက တရားလို လုပ်ပြီးပုဒ်မ ၄ ခုနဲ့ အမှုဖွင့်ထားပါတယ်။

အခင်းဖြစ်တဲ့ နေ့ကတော့ ဦးဣန္ဒကကို မင်္ဂလာဒုံမြို့နယ် သံဃနာယက အကျိုးတော်ဆောင် ဆရာတော်ရဲ့ကျောင်းကို ခေါ်သွားခဲ့ပြီး နောက်နောင် အရက်မသောက်ပါဘူးဆိုတဲ့ ခံဝန်ကတိ ထိုးခိုင်းခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက ဆရာ တော်လည်း ကြောက်လန့်နေတဲ့အတွက် လက်မှတ် ထိုးပေး ခဲ့ရတယ်လို့ တပည့်ဒကာတွေက ရှင်းလင်းပါတယ်။

အဲဒီလို ခံဝန်ထိုးခဲ့တဲ့ အချက်အပေါ် မူတည်ပြီး လူမှုကွန်ရက်တွေပေါ်နဲ့ တချို့ မီဒီယာတွေက စွပ်စွဲ ဝေဖန် ပြောဆိုနေသလို ဆရာတော်ဟာ အရက်သေစာ သောက်စားထားခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဓမ္မာစရိယထိ စာသင်ခဲ့တဲ့ ငယ်ဖြူ ဘုန်းတော်ကြီး ဦးဣန္ဒကဟာ အပေါ် စွပ်စွဲ ဝေဖန်သူတွေ အနေနဲ့ အမှားပြင်ဆင်ချက် ထည့်ပေးဖို့နဲ့ နောက်ထပ် မဟုတ်မမှန် ရေးသားတဲ့လူတွေကို တရားစွဲဆိုသွားမယ်လို့ ရမ်းဗြဲမြို့နယ်အသင်း ဥက္ကဌ ဦးစိုးဝင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။