ကျင့်ဝတ်မညီတဲ့ဘုန်းကြီးတွေကို အရေးယူဖို့ ထိုင်းအာဏာပိုင်တွေပြင်

Image caption ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားတဲ့ ထိုင်းဘုန်းတော်ကြီး Wirapol Sukphol

ထိုင်းနိုင်ငံမှာ ဘာသာရေးအရ မလျော်ကန်တာတွေ လုပ်ဆောင်မှုနဲ့ အပြစ်ရှိတဲ့ ဗုဒ္ဓဘာသာဘုန်းကြီး ကိုးဆယ်ကျော်ကို အာဏာပိုင်တွေက စုံစမ်းဖော်ထုတ်မှုတွေ လုပ်နေပါပြီ။

ဒီဘုန်းကြီးတွေဟာ သဘာ၀လွန် တန်ခိုး ဣဒ္ဓိပါဒ် ကိစ္စရပ်တွေ ဗန်းပြ လုပ်ဆောင်တာတွေ၊ ကျင့်၀တ် စည်းကမ်းဖောက်ပြီး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုရှိတယ် ဆိုတဲ့ သံသယတွေကြောင့် အခုလို စုံစမ်း ဖော်ထုတ်တာ ဖြစ်တယ်လို့ ထိုင်းမီဒီယာ သတင်းတွေမှာ ဖော်ပြပါတယ်။

တချို့ ဘုန်းကြီးတွေ ဆိုရင်လည်း ဘာသာရေးစည်းမျဉ်းတွေ ချိုးဖောက်ကာ နိုင်ငံရေးမှာ ပါဝင် ပတ်သက်တာတွေ ရှိလာတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ တလွှားက အစိုးရအစီအစဉ်နဲ့ ဖွင့်ထားတဲ့ ကျောင်းတိုက်တွေမှာ သီတင်းသုံးတဲ့ ဘုန်းကြီး သုံးသိန်းနီးပါး ရှိပြီး စည်းမျဉ်း လိုက်နာမှု မရှိတဲ့ သံဃာတွေကို အစိုးရက လူ၀တ်လဲ အရေးယူ ပိုင်ခွင့် အာဏာ ရှိတာ ဖြစ်ပါတယ်။