အင်ကြင်းကျောက်ကြီး သယ်ရေး အငြင်းပွား

Image caption မြန်မာပြည်က အင်ကြင်းကျောက်တွေကို တရုတ်နိုင်ငံဘက် ရောင်းချတဲ့ စျေးကွက်ကြီးရှိနေ

မကွေးမြို့နဲ့ ဗိဿနိုးကြား မိုင် ၂၀ အကွာလောက်က ပေပင်စမ်း ရွာနားမှာ ၂ဝ၁၅ ခုနှစ်ကတည်းက တွေ့ထားတဲ့ အင်းကြင်းကျောက်ကြီးကို Tree Jade ကုမ္ပဏီက သယ်ဖို့ ကြိုးစားရာမှာ ဒေသခံတွေက ခွင့်မပြုလို့ အချင်းများနေကြ ပါတယ်။

အရှည် ပေ ၁၀၀ ကျော်ရှိ ဒီလောက်ကြီးတဲ့ အင်ကြင်းကျောက်ကို ဒေသခံတွေက သူတို့ တသက်မှာ မတွေ့ဖူးလို့ သမိုင်းဝင် ဖြစ်ချင်လို့ တားရတာလို့ ပြောပါတယ်။

ဒီကျောက်ကြီးရဲ့ သက်တမ်းနဲ့ တန်ကြေး ဘယ်လောက် ဆိုတာ ဒေသခံတွေ မသိပေမယ့် နောင်လာ နောက်သားတွေ ကြည့်ဖို့ နိုင်ငံတော်က ထိန်းသိမ်း စေချင်တယ်လို့ ဒေသခံ ဦးကျော်ငွေကပြောပါတယ်။

ပြည်ထောင်စု အစိုးရဆီက လုပ်ပိုင်ခွင့် ရထားတဲ့ Tree Jade ကုမ္ပဏီဘက်ကတော့ ယာခင်းရှင် သဘောမတူဘဲ သူတို့ အနေနဲ့ သယ်ယူ သွားလို့ရမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံတော် အဆင့် သတ်မှတ် ရလောက်အောင် ကြီးကျယ် ခမ်းနားမှု လည်း မရှိကြောင်း ပြောပါတယ်။

အင်ကြင်းကျောက်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းက နွားထိုးကြီး၊ တောင်သာနား တဝိုက်နဲ့ မကွေးတိုင်း မကွေးနဲ့ အောင်လံတဝိုက်မှာ အများဆုံး တူးဖော် ရကြ ပါတယ်။

ကျောက်တွေရဲ့ အကြီးအသေး အလိုက် တသိန်းကနေ သိန်း ရာဂဏန်း အထိ တန်တာတွေ ရှိတယ်လို့ ဒေသခံ ရောင်းဝယ်သူတွေကပြောပါတယ်။

အရည်အသွေးနိမ့်တဲ့ အင်ကြင်း ကျောက်တွေကို အိမ်အလှဆင်တဲ့ နေရာမှာသုံးကြပြီး အဆင့်မြင့်တဲ့ကျောက်တွေ ဆိုရင် လက်ဝတ် ရတနာနဲ့ ပန်းပုရုပ်တွေ လုပ်ပြီး တရုတ်ပြည်ကို တင်ပို့ရောင်းချတဲ့ တရားဝင် ဈေးကွက် လည်း ရှိပါတယ်။