မကွေးတိုင်း ဝန်ကြီး ပါတီတာဝန်ရပ်စဲခံရ

ဓာတ်ပုံ မူပိုင် U Nay Myo Kyaw Facebook
Image caption တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတာဝန်ကနေပါ ရုပ်သိမ်း မသိမ်း မသိရသေး

NLD ပါတီဝင် မကွေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီး တစ်ယောက်ကို လူမှုရေး ပြဿနာ တွေကြောင့်ဆိုပြီး ပါတီတာဝန်တွေ ကနေ ရပ်ဆိုင်းလိုက် ပါတယ်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးနေမျိုးကျော်ကို ပါတီတာဝန်တွေက ရပ်ဆိုင်းလိုက်ကြောင်း NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ဘီဘီစီကို အတည်ပြုပါတယ်။

လူမှုရေးပြဿနာနဲ့ ပတ်သက်ပြီး တိုင်ကြားချက်တွေ ရတဲ့ အတွက် စုံစမ်းစစ်ဆေးဖို့ ဘုတ် အဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ပြီး အခုလို ဆုံးဖြတ်တာလို့ ဆိုပါတယ်။

လွှတ်တော် ကိုယ်စားလှယ်များ ရေးရာ တိုင်ကြားစာ ကော်မတီက ဒေါက်တာ မျိုးညွန့် ဦးဆောင်တဲ့ အဖွဲ့က နှစ်လလောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

မကွေးတိုင်း NLD အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးနေမျိုးကျော်ကို ပါတီတာဝန်တွေ ကနေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပေမဲ့ ပါတီဝင် အဖြစ် ကတော့ ဆက်လက် ရှိနေသေးတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

တိုင်းအစိုးရ အဖွဲ့ဝင် ဝန်ကြီးတာဝန်ကနေပါ ရုပ်သိမ်း မသိမ်း ဆိုတာတော့ လောလောဆယ် မသိရသေးပါဘူး။

မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်မိုးညို ကလည်း သူ့အစိုးရ အဖွဲ့ကို အခုချိန်ထိ တစုံတရာ အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။

ကာယကံရှင် ဦးနေမျိုးကျော်ကိုလည်း NLD ပါတီဌာနချုပ်က အကြောင်းကြား ထားပြီးဖြစ်ပါတယ်။