အခြေခံပညာရေး စနစ်သစ်အတွက် ဆရာ၊ဆရာမသစ်တွေ လိုအပ်

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption စာတမ်း ၁၆ ဆောင် ဖတ်ကြားခဲ့ပြီး ဒီစာတမ်းတွေထဲက တချို့အချက်တွေကို လာမယ့်နှစ်မှာ အကောင်အထည် ဖော်သွားမယ်

အခြေခံ ပညာ ကဏ္ဍ တိုးတက်ရေးအတွက် ပညာရေး စနစ်သစ်နဲ့ တကွ ဆရာ၊ ဆရာမသစ်တွေလည်း လိုအပ်နေပြီး ဒီစနစ်သစ်ဟာ အလွတ်ကျက်မှတ်မှုထက် စဉ်းစားတွေးခေါ်နိုင်မှုကို အားပေးဖို့ လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၈ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲမှာ မိန့်ခွန်းပြောခဲ့ပါတယ်။

ဒါ့အပြင် ပညာရေး ကောလိပ်တွေ အဆင့်မြှင့်ဖို့၊ သင်ရိုးညွှန်းတမ်း အရည်အသွေးမြှင့်ဖို့နဲ့ ဘာသာရပ်ဆိုင်ရာ သင်တန်းတွေကို စဉ်ဆက်မပြတ် ပို့ချရေးတွေ စောလျင်စွာ ဆောင်ရွက်ဖို့ကိုလည်း သူက ပြောခဲ့ပါတယ်။

အခြေခံပညာ ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဆရာအတတ်သင် ပို့ချမှုတွေနဲ့ သင်ရိုးပြောင်းလဲမှုတွေကို နှစ်ခုစလုံး ဦးစားပေးရမယ့် အပြင် နယ်ပယ်ပေါင်းစုံမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ရမှာ ဖြစ်ပြီး ကျောင်းသား ကျောင်းသူတွေ တာဝန်ယူမှုနဲ့ ပူးပေါင်း ဆောင်ရွက်မှု လုပ်တတ်လာအောင် အုပ်စုလုပ်ငန်းတွေ ထည့်သွင်း ပြဋ္ဌာန်းသွားဖို့ စီစဉ်ထားကြောင်း အခြေခံ ပညာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်းက ဘီဘီစီကို ပြောပါတယ်။

အခုလို ကျင်းပခဲ့တဲ့ ပညာရေး နှီးနှောဖလှယ်ပွဲမှာ စာတမ်း ၁၆ ဆောင် ဖတ်ကြားခဲ့ပြီး ဒီစာတမ်းတွေထဲက တချို့အချက်တွေကို လာမယ့်နှစ်မှာ အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။

ပြောင်းလဲလာမယ့် ပညာရေးစနစ်သစ်အရ ဆရာနဲ့ ကျောင်းသား အရေအတွက် အချိုးမမျှဘူးဆိုတဲ့ ကိစ္စအပြင် သင်ရိုးသစ်နဲ့ လိုက်ဖက်ညီတဲ့ ဆရာအတတ်ပညာ ပြောင်းလဲ သင်ကြားမှု မရှိပဲ ဖြစ်နေပြီး အစိုးရရဲ့ ပညာရေး ပြောင်းလဲမှုတွေကို အားရမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဇော်မျိုးလှိုင်က ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း အလားတူ ပညာရေး နှီးနှော ဖလှယ်ပွဲ လုပ်ခဲ့ပေမယ့် အဲဒီပွဲက အရေးကြီးတဲ့ အချက်တွေကို အခု အချိန်အထိ အကောင်အထည် မဖော်နိုင်တာလည်း ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေခံ ပညာရေး ကဏ္ဍ အမှန်တကယ် တိုးတက်ဖို့အတွက် အခုလို နှီးနှော ဖလှယ်ပွဲတွေက အချက်အလက်တွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက အကောင်အထည်ဖော်ပေးဖို့အပြင် လွှတ်တော်အပိုင်းကလည်း ဥပဒေ ပြင်ဆင်ပေးဖို့လည်း လိုကြောင်း တက်ရောက်လာတဲ့ ဆရာ ဆရာမတွေက ပြောပါတယ်။

အခုလို အခြေခံ ပညာ ကဏ္ဍမှာ ဆရာ ဆရာမတွေရဲ့ အရည်အသွေး တိုးမြှင့်ဖို့ ဆွေးနွေး ပြောဆိုနေကြတဲ့ အချိန်မှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့ အမှတ် ၄ အခြေခံပညာ အလယ်တန်းကျောင်းက အင်္ဂလိပ်စာ ဆရာမ တဦးဟာ ဒုတိယတန်း ကျောင်းသား တဦးကို မျက်နှာတခုလုံး လက်သည်းနဲ့ ဆိတ်ထားတဲ့ အမာရွတ်တွေ ထင်ကျန်စေတဲ့အထိ ကိုယ်ထိလက်ရောက် ဆုံးမခဲ့တဲ့အတွက် ကျောင်းစည်းကမ်း ထိန်းသိမ်းရေးက အရေးယူထားပြီး တိုင်းပညာရေးရုံးကလည်း ခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့ စီစဉ်နေကြောင်း သိရပါတယ်။