စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တန်းတူ ဦးစားပေးသင့်

ဓာတ်ပုံ မူပိုင် BBC Burmese
Image caption ဦးမြင့် ပြောခဲ့တာဟာ လုပ်ငန်းရှင်တွေရဲ့ အသံတွေလည်း ပါနိုင်

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍကို ငြိမ်းချမ်းရေး တည်ဆောက်မှုနဲ့အတူ ထိပ်ဆုံးက တန်းတူ ဦးစားပေး လုပ်သင့်ကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်က ရန်ကုန်မှာ ကျင်းပတဲ့ ကုန်သည်နဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က လုပ်ခဲ့တဲ့ အဲဒီ ညီလာခံမှာ ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်က စီးပွားရေး အကြံပေး အဖွဲ့ ခေါင်းဆောင်ဟောင်း လည်း ဖြစ်တဲ့ ဦးမြင့်က စီးပွားရေး စီမံကိန်း ရေးဆွဲရာမှာ နိုင်ငံရေး ကိစ္စတွေကို ရောထွေး မစဉ်စားသင့်ဘူးဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၉၄၇ ခုနှစ် က ပြောခဲ့တဲ့ မိန့်ခွန်းကိုလည်း ကိုးကားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ နာမကျန်း ဖြစ်နေတဲ့ အနေအထား လို့လည်း ခိုင်းနှိုင်း ပြောဆိုခဲ့ပြီး စီးပွားရေး ပြန်ကောင်းဖို့အတွက် နိုင်ငံရေး အပါအဝင် တခြားကဏ္ဍတွေနဲ့ မရောယှက်ပဲ သက်ဆိုင်သူတွေ ထောက်ခံနိုင်တဲ့ စီးပွားရေး မဟာဗျူဟာတရပ် ချမှတ်ဖို့ကိုလည်း ဦးမြင့်က အကြံပြုခဲ့ပါတယ်။

ဒေါက်တာ ဦးမြင့်ရဲ့ အကြံပြုချက်တွေထဲမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ရဲ့ စီးပွားရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ အကြံပေးတွေ သာမက စီမံကိန်းတွေ အဓိက လုပ်နေတဲ့ လူတွေနဲ့လည်း အမြင်ဖလှယ်ဖို့ လိုတဲ့အချက်လည်း ပါဝင် ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်း လာအိုနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် တဦးချင်း နှစ်စဉ် ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၁၅၉ ရှိပြီး မြန်မာနိုင်ငံရဲ့ တဦးချင်း နှစ်စဉ် ဝင်ငွေဟာ ၂၀၂၀ မှာတောင် အမေရိကန် ဒေါ်လာ ၁၆၆၀ အထိပဲ ရှိနိုင်တယ်လို့ IMF ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေး တိုးတက်မှုနှုန်း အညွှန်းကိန်း အစီအရင်ခံစာမှာ ဖော်ပြထားတဲ့အတွက် လာအိုကို ၂၀၂၀ အထိ မြန်မာက စီးပွားရေး အရ မမီနိုင်သေးဘူးလို့လည်း ဦးမြင့်က ထောက်ပြထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
စီးပွားရေး သုံးသပ်ချက်

အခုလို လုပ်ငန်းရှင်များ အသင်းမှာ ဦးမြင့် ပြောခဲ့တာဟာ လုပ်ငန်းရှင်တွေရဲ့ အသံတွေလည်း ပါနိုင်ကြောင်းနဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ IMF ဘက်ကလည်း မြန်မာနိုင်ငံ စီးပွားရေးကို အကောင်းဘက်က ရှုမြင် ထားတဲ့အတွက် အစိုးရဘက်က ဖြေလျော့မှုတွေ လုပ်လာမယ်ဆိုရင် သုံးနှစ်လောက် အတွင်း တိုးတက်လာနိုင်ကြောင်း ဦးခင်မောင်ညို (ဘောဂဗေဒ) က ဘီဘီစီကို မှတ်ချက်ပေးထားပါတယ်။