လက်ပံတောင်းသပိတ်ကို ရဲကအင်အားသုံးဖြိုခွဲ

ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတောင်း ဆန္ဒပြသူတောင်သူများ

နှစ်လကြာ သပိတ်စခန်းဖွင့်ထားတဲ့ လက်ပံတောင်းဒေသ မိုးကြိုးပြင် အလယ်ရွာထိပ်က သပိတ်စခန်းကို ရဲအဖွဲ့က အင်အားသုံးဖြိုခွဲလိုက်ပါတယ်။

လက်ပံတောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ ပါတဲ့ အတိုင်း အစားထိုးလယ်ယာမြေ ဧက ၁၉၀၀ ကျော် ဖော်ထုတ်ပေးရေးနဲ့ သီးနှံလျော်ကြေး ရရှိရေးတို့ကို လယ်သမားတွေက တောင်းဆိုပြီး သပိတ်စခန်းဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ ရဲအဖွဲ့က သပိတ်စခန်းကို အင်အားသုံးဖြိုခွဲဖျက်သိမ်းခဲ့ရာမှာ သပိတ်မှောက်တောင်သူတွေက ထွက်ပြေးတိမ်းရှောင်သွားပြီး ရဲတွေပြန်သွားတဲ့အခါ သပိတ်စခန်းပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

ရဲအင်အား ၅၀ ကျော်က သပိတ်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သပိတ်စခန်းထဲက ပိုစတာတွေ အလံတွေကို ဖျက်ဆီးသွားခဲ့ပါတယ်။

လက်ပံတောင်းမှာ ရဲနဲ့ တောင်သူတွေ အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်တိုးခဲ့ကြဖူးပါတယ်။ ပဋိပက္ခ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ဖူးပါတယ်။

ဦးပိုင်နဲ့ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးတွဲလုပ်ကိုင်ကြတဲ့ ကုမ္ပဏီရှေ့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြကြတဲ့ သံဃာတော်တွေကို ဗုံးခွဲနှိမ်နင်းလို့ သံဃာတချို့မီးလောင်ကျွမ်းခံခဲ့ကြရဖူးပါတယ်။

တောင်သူကြီးဒေါ်ခင်ဝင်းလည်း ရဲနဲ့ဖြစ်ပွားတဲ့ ပဋိပက္ခတခုမှာ နဖူးကို ကျည်ဆံထိမှန်သေဆုံးခဲ့ဖူးပါတယ်။

လက်ပံတောင်းအရေးအခင်းဟာ မြန်မာနိုင်ငံမှာ ကာလအရှည်ကြာဆုံး တောင်သူလယ်သမားပဋိပက္ခတွေထဲက တခုဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ